နေပြည်တော် စက်တင်ဘာ ၁၇
“အာဆီယံကို ဉာဏ်ရည်တုနည်းပညာဖြင့် ချိတ်ဆက်၍ ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းခြင်းမှ တစ်ဆင့် ဖွံ့ဖြိုး တိုးတက်မှုအနာဂတ်ကိုမျှဝေခြင်း” ဆောင်ပုဒ်ဖြင့် တရုတ်-အာဆီယံ စီးပွားရေး ခေါင်းဆောင်များ ဖိုရမ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နန်နင်းမြို့ရှိ Grand Metropark Hotel ၌ ကျင်းပရာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တက်ရောက်မိန့်ခွန်းပြောကြားသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဦးချစ်ဆွေ၊ ဒေါက်တာ သက်ခိုင်ဝင်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးတင်မောင်ဆွေနှင့် တာဝန်ရှိသူများ၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့အတိုင်ပင်ကွန်ဖရင့်ဥက္ကဋ္ဌ မစ္စတာစွမ်းသဝေ၊ အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် Mr. Kao Kim Hourn၊ တရုတ်အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ(CCPIT)မှ ဒုတိယ အကြီးအကဲ၊ ASEAN- China Centre မှ အထွေထွေ အတွင်းရေးမှူး၊ တရုတ်-အာဆီယံနိုင်ငံများမှကုန်သည် အသင်းဥက္ကဋ္ဌများ၊ စီးပွားရေး လုပ်ငန်းရှင်များ နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ဖိုရမ်ကျင်းပရေးကော်မတီ အတွင်းရေးမှူး က AI နည်းပညာသုံးမျက်မှန် အသုံးပြုပုံကို မိတ်ဆက် ပြသသည်။
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ဖိုရမ်အဖွင့်မိန့်ခွန်းပြောကြားရာတွင် ယခုဖိုရမ်သည် တရုတ်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စီးပွားရေးကဏ္ဍတွင် ဦးဆောင်နေကြသည့် ကုန်သည်အသင်း အဖွဲ့များအကြား စီးပွားရေးဆိုင်ရာကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးနိုင်သည့် အခွင့်အလမ်းများကို ရရှိနိုင်မည့် ပလက်ဖောင်းတစ်ခုဖြစ်ကြောင်း၊ ယခုအခါ အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုဒေသ (ASEAN-China Free Trade Area-ACFTA) ကို ACFTA (အက်ဖ်တာ) ဗားရှင်း ၃.၀ သို့ အဆင့်မြှင့်တင်နိုင်ခဲ့ပြီးဖြစ်သည့်အတွက် ဒစ်ဂျစ်တယ် စီးပွားရေး၊ အစိမ်းရောင်စီးပွားရေး၊ ထောက်ပံ့ရေး ကွင်းဆက်ချိတ်ဆက်မှု၊ ယှဉ်ပြိုင်မှု၊ စားသုံးသူ ကာကွယ်ပေးရေးနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများစသည့် နယ်ပယ် သစ်များတွင် နက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် တရုတ်နိုင်ငံနှင့် အာဆီယံ နိုင်ငံများအနေဖြင့် နယ်ပယ်သစ်များတွင် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်မှု အခွင့် အလမ်းများကို မျှဝေခံစားသွားနိုင်ကြမည်ဖြစ်ကြောင်း။
AI နည်းပညာကို နယ်ပယ်ကဏ္ဍအသီးသီးတွင် ကျယ်ပြန့်စွာ အသုံးပြုလာသည်နှင့်အမျှ လွဲမှားစွာ အသုံးချမှုနှင့် ဆိုက်ဘာလုံခြုံရေးကိုလည်း ထည့်သွင်းစဉ်းစားရန်လိုအပ်ပြီး မှန်ကန်သည့် နယ်ပယ်များတွင် မျှတစွာအသုံးပြုသွားရန်လိုအပ်ကြောင်း၊ ယနေ့ကျင်းပသည့် တရုတ်-အာဆီယံ စီးပွားရေး ခေါင်းဆောင်များဖိုရမ်မှတစ်ဆင့် တရုတ်နိုင်ငံနှင့်အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်ရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင် ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့အတိုင်ပင်ကွန်ဖရင့်ဥက္ကဋ္ဌ၊ CCPIT မှ ဒုတိယအကြီးအကဲ၊ အာဆီယံအထွေထွေအတွင်း ရေးမှူးချုပ်နှင့် ASEAN- China Centre မှ အထွေထွေ အတွင်းရေးမှူးတို့က မိန့်ခွန်းပြောကြားပြီး ဖွင့်ပွဲ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
သတင်းစဉ်


