နေပြည်တော် ၁၉ မတ်
(၂၈)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ၊ အပြည်ပြည်ဆိုင်ရာ ဖိတ်ခေါ်လက်ဝှေ့ပြိုင်ပွဲ၊ (၁၉)ကြိမ်မြောက် အာဆီယံတက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင် တပ်မတော်သား အားကစားသမားများနှင့် ရွှေတံဆိပ်ဆုရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် နည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ဧည့်ရိပ်သာ ခန်းမဆောင်၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က (၂၈)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲသည် မိမိတို့တပ်မတော်သားများအနေဖြင့် ရွှေတံဆိပ်(၂)ခု၊ ငွေတံဆိပ် (၁)ခု၊ ကြေးတံဆိပ် (၁)ခု ဆွတ်ခူးနိုင်ခဲ့သဖြင့် ပြိုင်ပွဲဝင် (၁၀)နိုင်ငံတွင် စတုတ္ထအဆင့်ကို ရရှိသကဲ့သို့ အပြည်ပြည်ဆိုင်ရာ ဖိတ်ခေါ်လက်ဝှေ့ပြိုင်ပွဲတွင်လည်း ရွှေတံဆိပ်(၁)ခုနှင့် ကြေးတံဆိပ်(၂)ခုတို့ကို ရယူနိုင်ခဲ့သဖြင့် ပြိုင်ပွဲဝင် (၆)နိုင်ငံတွင် တတိယအဆင့်ကိုရရှိခဲ့ကြောင်း၊ ထို့ပြင် (၁၉)ကြိမ်မြောက် အာဆီယံတက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲအား ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်း မိမိတို့နိုင်ငံတွင် အိမ်ရှင်အဖြစ်ကျင်းပခဲ့ပြီး မြန်မာနိုင်ငံမှ ပါဝင်ယှဉ်ပြိုင်သည့် အားကစားသမား (၃၄၂)ဦးအနက် တပ်မတော်သား (၉)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာတွင်လည်း ရွှေတံဆိပ်(၃)ခု၊ ငွေတံဆိပ် (၃)ခု၊ ကြေးတံဆိပ်(၂)ခုတို့ကို ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြကြောင်း တပ်မတော်၏အောင်မြင်မှုသည် နိုင်ငံ၏အောင်မြင်မှုပင် ဖြစ်သည့်အတွက် ယခုကဲ့သို့ ဆုတံဆိပ်များရရှိအောင် စွမ်းဆောင်ပေးခဲ့ကြသည့် တပ်မတော်သားများကို ဂုဏ်ပြုချီးမြှင့်ပေးခြင်းပင်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)နှင့် ကာကွယ်ရေးဦးစီးချုပ်(လေ)တို့က နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများနှင့် နည်းပြများကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။
အခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် နိုင်ငံ့ဂုဏ်ဆောင် တပ်မတော်သား အားကစားသမားများနှင့် နည်းပြများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
(သတင်းစဉ်)


