ရန်ကုန် ၃၀ ဧပြီ
အပြည်ပြည်ဆိုင်ရာ အားကစားပြိုင်ပွဲများသို့ သွားရောက် ယှဉ်ပြိုင်ကြမည့် စက်ဘီး၊ မသန်စွမ်းနှင့် ရိုးရာလက်ဝှေ့အားကစားအသင်းများအား မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှ ယနေ့နံနက်(၉)နာရီ ရန်ကုန်မြို့၊ အမျိုးသား အားကစား ပြိုင်ပွဲရုံ(၁) သုဝဏ္ဏ ပတ္တမြားခန်းမ၌ တွေ့ဆုံရာ ၂၀၁၉ခုနှစ်၊ မေလ(၇)ရက်နေ့မှ(၁၅)ရက်နေ့အထိ စင်ကာပူနိုင်ငံတွင် ကျင်းပမည့် ကမ္ဘာ့မသန်စွမ်း ရေကူးအားကစား စီးရီးပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်ကြမည့် အုပ်ချုပ်သူအဖြစ် စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မြင့်ထွန်း၊ မသန်စွမ်းသူများအားကစား အဖွဲ့ချုပ်မှ နည်းပြဦးစိန်ဝှက်နှင့်ဦးမြခိုင်( လူမှုဝန်ထမ်းဦးစီးဌာန)၊ အားကစားသမားများအဖြစ် ဦးအောင်မြင့်မြတ်(အား/ကာဦးစီးဌာန)၊ နန္ဒစိုးမင်းနှင့် ကျော်ထူးတို့အားလည်းကောင်း၊ (၁၁.၅.၂၀၁၉)ရက်နေ့တွင် စင်ကာပူနိုင်ငံ၌ကျင်းပမည့် ၂၀၁၉ခုနှစ်၊ အရှေ့တောင်အာရှ တာဝေးဖိတ်ခေါ်စက်ဘီး ပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်ကြမည့် အုပ်ချုပ်သူအဖြစ် အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း၊ နည်းပြချုပ်အဖြစ် မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးဂျွန်ဆင်း၊ အားကစားသမားများအဖြစ် အောင်ဖြိုးပိုင် (အား/ကာဦးစီးဌာန)၊ ဇင်လင်းကို (အား/ကာဦးစီးဌာန)၊ကျော်ထွန်းဦးနှင့် စောအယ်ခူးတို့အား လည်းကောင်း၊ မေလ(၁၄)ရက်နေ့မှ (၁၈)ရက်နေ့အထိ ဂျပန်နိုင်ငံ၌ ကျင်းပမည့် ဖိတ်ခေါ်ရိုးရာ လက်ဝှေ့ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် အဖွဲ့ခေါင်းဆောင်အဖြစ် ဦးဝဏ္ဏ(မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်)၊ ဒိုင်လူကြီး ဦးချစ်ကိုကို (မြန်မာနိုင်ငံရိုးရာလက်ဝှေ့ အဖွဲ့ချုပ်)၊နည်းပြများ အဖြစ် ဦးမြင့်ဦးနှင့်ဦးသက်ထွန်းဦး၊ အားကစားသမားများအဖြစ် မြတ်စိုး၊စောဆမူးနှင့် တင်ထွန်းအောင် တို့အားလည်းကောင်း တွေ့ဆုံကာ အားပေးအမှာစကား ပြောကြားခဲ့သည်။
တွေ့ဆုံပွဲသို့ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ မြန်မာနိုင်ငံရိုးရာ လက်ဝှေ့ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသိန်းအောင်၊ မြန်မာနိုင်ငံစက်ဘီး အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးဂျွန်ဆင်းနှင့် မြန်မာနိုင်ငံမသန်စွမ်း သူများအားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အား/ကာဦးစီးဌာနမှ တာဝန်ရှိသူများ၊ အားကစားသမားများတက်ရောက် ကြသည်။
အစီအစဉ်အရ အပြည်ပြည်ဆိုင်ရာ ဖိတ်ခေါ်ပြိုင်ပွဲများသို့ သွားရောက် ယှဉ်ပြိုင်ကြမည့် သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများက ကြိုတင်ပြင်ဆင်လေ့ကျင့်မှုနှင့် စံချိန်/စံညွှန်းကောင်းမှု အခြေအနေနှင့် ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်နိုင်မှုအခြေအနေများကို အသီးသီးရှင်းလင်း တင်ပြကြသည်။
ဆက်လက်ပြီး မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှ တွေ့ဆုံအမှာစကား ပြောကြားရာတွင် အပြည်ပြည်ဆိုင်ရာပြိုင်ပွဲများသို့ သွားရောက်ယှဉ်ပြိုင်ကြမည့် မြန်မာအားကစား အဖွဲ့ဝင်များကို ခေါ်ယူတွေ့ဆုံရာတွင် အဖွဲ့ချုပ်များ၏ ကြိုတင်ပြင်ဆင်ထားမှုနှင့် အားကစားသမား တစ်ဦးချင်းစီ၏ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်မှုနှင့် တိုးတက်မှုအခြေအနေများကို သိလိုခြင်း ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်အားကစားသမားများ၏ လိုအပ်ချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးအတွက်လည်းဖြစ်ပါကြောင်း၊ အားကစားသမားများ အနေဖြင့်လည်း လေ့ကျင့်ပြင်ဆင်ထားသည့်စံချိန်များထက်မနိမ့်ကျဘဲ ပိုမိုကောင်းမွန်သော ရလဒ်ဖြင့် ယှဉ်ပြိုင်စေလိုကြောင်း၊ ပြိုင်ပွဲမယှဉ်ပြိုင်မီ လုံလောက်သည့် Warming Up ကို လုပ်ထားဖို့ လိုအပ်ပါကြောင်း၊ အားကစားသမားများ၏ ကျန်းမာရေးလည်း အရေးကြီးပြီး Training ပြီးရင် ပြန်လည်ဖြည့်တင်းရမည့်အာဟာရနှင့် ပြိုင်ပွဲကာလအတွင်း လုံလောက်သော အစာအာဟာရများကို စနစ်တကျ ကျွေးမွေးဖို့လိုအပ်ပြီး အားကစား သမားတိုင်း တားမြစ်ဆေးဝါးသုံးစွဲမှု ကင်းစင်ဖို့လည်း အရေးကြီးပါကြောင်း၊ အားကစားသမားတိုင်း တားမြစ်ဆေး သုံးစွဲမှု ကင်းစင်ရေးအတွက် ကမ္ဘာ့နိုင်ငံများကလည်း စောင့်ကြည့်လုပ်ဆောင်နေပြီးဖြစ်ပါကြောင်း၊ အားကစား သမားများ တစ်ဦးချင်းစီ၏ ကျန်းမာရေးအခြေအနေများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အဖွဲ့ချုပ် တစ်ခုချင်းစီသို့ သွားရောက်ကာ ကျန်းမာရေးနှင့်စောင့်ရှောက်မှုများကို လုပ်ဆောင်ပေးနေပါကြောင်း၊ အထူးသဖြင့်ပြိုင်ပွဲယှဉ်ပြိုင်ရာတွင် မိမိရရှိထားသည့် စံချိန်ထက် သာလွန်အောင် အကောင်းဆုံး ယှဉ်ပြိုင်ခဲ့ပါဟု လမ်းညွှန်အားပေး စကားပြောကြားပြီးနောက် ဒုတိယဝန်ကြီးမှ ပြိုင်ပွဲဝင်အားကစား အဖွဲ့ဝင်များအား အုပ်ချုပ်သူ/နည်းပြ၊ အားကစားသမားများ တစ်ဦးချင်းအား နှုတ်ဆက်အားပေးခဲ့ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတင်းရရှိသည်။
MDN


