ညောင်တုန်း  ၂၄ ဧပြီ

 

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ် အခွန်ဦးစီးဌာနမှူးရုံးမှ မြို့နယ်အတွင်း ဟန်းဆက်နှင့် ဆက်စပ်ပစ္စည်း များရောင်းချနေသော လုပ်ငန်းရှင်များအား  အခွန်ပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲက မြို့နယ် အခွန်ဦးစီးဌာနမှူးရုံး၌ ပြုလုပ်ခဲ့သည်။      

 

အခမ်းအနားတွင် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်းက အဖွင့်အမှာစကား ပြောကြားပြီး ညောင်တုန်းမြို့နယ် အခွန်ဦးစီးဌာနမှူးရုံး ဦးစီးအရာရှိ ဦးသိန်းဝင်းနိုင်က ကုန်သွယ်လုပ်ငန်းခွန် ကျသင့်စေခြင်း၊ ငွေရပြေစာပေါ်တွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချသည့် လုပ်ငန်းများ၊ အခွန်အမှတ်တံဆိပ်အမျိုးအစားများ၊ အခွန်အမှတ်တံဆိပ် ထုတ်ယူရန် နည်းလမ်းများ၊ အခွန်အမှတ်တံဆိပ် ကပ်နှိပ်၍ ကုန်သွယ် လုပ်ငန်းခွန် ကောက်ခံရမည့် ဆောင်ရွက်ချက်များနှင့် ကပ်နှိပ်ရာတွင် လိုက်နာဆောင်ရွက်ရန် အချက်များ၊ အခွန် ပေးသွင်းခြင်းနှင့် အခွန်ခုနှိမ်ပေးသွင်းခြင်း၊ လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခြင်းအတွက် ပြစ်မှုနှင့် ပြစ်ဒဏ်များ အကြောင်းနှင့် အခြားအခွန်ဆိုင်ရာ သိရှိသင့်သည့် အချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။

 

1

 

ယင်းနောက် တက်ရောက်လာသည့် လုပ်ငန်းရှင်များက အခွန်ထမ်းဆောင်ခြင်းနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းရာ မြို့နယ် အခွန်ဦးစီးဌာနမှူးရုံး ဦးစီးအရာရှိ ဦးသိန်းဝင်းနိုင်က ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့သည်။

 

အခမ်းအနားသို့ အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်း၊ ဌာနဆိုင်ရာ အကြီးအကဲ များနှင့် မြို့နယ်အတွင်း ဟန်းဆက်နှင့် ဆက်စပ်ပစ္စည်းများ ရောင်းချနေသော လုပ်ငန်းရှင်(၁၃)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ဝဠာနိုင်(ညောင်တုန်း)

 

1