ညောင်ဦး အောက်တိုဘာ ၁၆
ဆေးလိပ်ငွေ့ကင်းစင် ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသတစ်ခွင် ကျန်းမာရေးအသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့က ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အနော်ရထာခန်းမ၌ ကျင်းပသည်။
အသိပညာပေးဆွေးနွေးပွဲတွင် ညောင်ဦးခရိုင်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်က အမှာစကား ပြောကြားသည်။
ထို့နောက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲ ညွှန်ကြားရေးမှူး ဦးညီမွန်းက ဆေးလိပ်သောက်ခွင့်ပြုသောနေရာများကိုလည်း စနစ်တကျထားရှိပြီး လမ်းညွှန်များမြင်သာစွာထားရှိမှုတို့ကို Power Point ဖြင့် ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ ညောင်ဦးခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာရွှေစင်ထိုက်က ဆေးလိပ်ငွေ့ကင်းစင်ရေး ရေရှည်တည်တံ့စွာထိန်းသိမ်းမည့် အစီအစဉ်များနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို Power Point ဖြင့် ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် ညောင်ဦးခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒေါက်တာ လှမျိုးနိုင်က ဆေးလိပ်သောက်သုံးခြင်းကြောင့် ဘေးထွက်ဆိုးကျိုးနှင့် ဆေးလိပ်အန္တရာယ်၊ စီးကရက်တစ်လိပ်တွင်ပါရှိသည့် ဓာတုပစ္စည်းများ၊ ဆေးရွက်ကြီးနှင့် ဗာဂျီးနီးယားဆေးရွက်အန္တရာယ်တို့ကို Power Point ဖြင့် ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
ဒီပါလင်း


