ညောင်ဦး ၅ မေ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်းရှိ အညာကျေးလက်ဒေသများတွင် တောင်သူအများစု ကျွဲ၊ နွား တိရစ္ဆာန်များအတွက် နွေရာသီ နွားစာများ ရှားပါးနေချိန်ဖြစ်၍ ထန်းသီးများကို နွားစာအဖြစ် အားထားကျွေးနေရကြောင်း ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးလက်နေ တောင်သူများထံမှ သိရသည်။

 

ss111

 

“ကျွန်မတို့ မြို့နယ်အတွင်းရှိ အညာကျေးလက်ဒေသတွေမှာ ယခုအချိန်က နွေရာသီချိန်ဖြစ်တော့ တောင်သူအများစု တောင်သူလုပ်ငန်းခွင်အတွက် မွေးမြူထားတဲ့ ကျွဲ၊ နွား တိရစ္ဆာန်တွေအတွက် နွားစာရှားပါးမှုတွေ ကြုံတွေ့နေရပါတယ်။ သီးနှံစိုက်ခင်းများမှ ထွက်ရှိတဲ့ မြေပဲရိုး၊ ပြောင်းရိုးနဲ့ မြက်ခြောက်တွေကို နွေရာသီကာလ နွားဖူလုံရေးအတွက် ကြိုတင်စုဆောင်းထားပေမယ့် တစ်နွေစာလုံးအတွက် မလောက်ငှကြပါဘူး။ ဒါ့ကြောင့် ယခုလို နွားစာရှားပါးချိန်မှာ ထန်းသီးများကို နွားစာအဖြစ် ကျွေးနေကြရပါတယ်။ 

တစ်ချို့တောင်သူတွေဆိုရင် ကိုယ်ပိုင်ထန်းပင်မရှိလို့ ထန်းပင်ရှိတဲ့သူတွေဆီကနေ ထန်းသီးတွေကို နွားလှည်းတစ်စီး ငွေကျပ် ၄၀ဝ၀ မှ ၅၀ဝ၀ အထိပေး၍ ဝယ်ယူကျွေးနေရပါတယ်။ ယခုအချိန်ထွက်တဲ့ ထန်းသီးက နုနုလေးတွေဆိုတော့ ဓားစဉ်းလို့လဲ ကောင်းပါတယ်။ မိသားစုသုံးယောက်လောက် ဝိုင်းဖွဲ့ပြီး ထန်းသီးဓားစဉ်းမယ်ဆိုရင် နှစ်ရက်လောက် ကျွေးလို့ရပါတယ်။ နောက်ပြီး ထန်းသီးက နွားတွေအတွက် အာဟာရလည်း ဖွံ့ဖြိုးစေပါတယ်။ တောင်သူအများစုက ယခုလို နွေရာသီအချိန် နွားစာရှားပါးချိန်မှာ ထန်းသီးကို နွားစာအဖြစ် အားထားဝယ်ယူ ကျွေးမွေးကြခြင်း ဖြစ်ပါတယ်” ဟု ညောင်ဦးမြို့နယ် ဗြူကြီးကျေးရွာမှ ဒေသခံတောင်သူများက ပြောပြသည်။

ရဲဝင်းနိုင် (ညောင်ဦး)