ညောင်ဦး ၃၀ ဧပြီ
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ စက်စက်ယိုကျေးရွာအုပ်စု အိုင့်မတဲတိုက်ရှိ ဒေသခံကျေးလက်နေ ပြည်သူများ နှစ်စဉ် သောက်သုံးရေ ရှားပါးမှု အခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေရကြောင်း သိရသဖြင့် ညောင်ဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယခု ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် ဌာန၏ ခွင့်ပြုရန်ပုံငွေကျပ် ၂၈ ဒသမ ၆၀၄ သန်းဖြင့် လေးလက်မ အဝီစိစက်ရေတွင်းတစ်တွင်း တူးဖော်ဆောင်ရွက်ပေးနေကြောင်း အဆိုပါ စက်စက်ယိုကျေးရွာအုပ်စု၊ အိုင့်မတဲတိုက်ရှိ ဒေသခံပြည်သူများထံမှ သိရသည်။
ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ စက်စက်ယိုကျေးရွာအုပ်စု၊ အိုင့်မတဲတိုက်သည် အိမ်ခြေ ၄၀ ခန့်ရှိပြီး လူဦးရေ ၂၅၀ ဦးခန့်ရှိကာ ဒေသခံပြည်သူများမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းကို စီးပွားဖြစ် လုပ်ကိုင်ကြကြောင်းနှင့် အဆိုပါ တဲတိုက်တွင် အဝီစိစက်ရေတွင်း မရှိသေး၍ နှစ်စဉ်သောက်သုံးရေ ရှားပါးမှု အခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေရကြောင်း ယင်း တဲတိုက်ရှိ ဒေသခံပြည်သူများက ပြောပြသည်။
ယခုနှစ်တွင် ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ စက်စက်ယိုကျေးရွာအုပ်စု၊ အိုင့်မတဲတိုက်ရှိ ဒေသခံကျေးလက်နေ ပြည်သူများ နှစ်စဉ်ကြုံတွေ့နေရသည့် သောက်သုံးရေရှားပါးမှု အခက်အခဲများ ပြေလျော့သက်သာစေရန်နှင့် ရာသီမရွေး သောက်သုံးရေ ဖူလုံစွာသုံးစွဲနိုင်ရေးအတွက် ညောင်ဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်၊ ဌာန၏ ခွင့်ပြုရန်ပုံငွေကျပ် ၂၈ ဒသမ ၆၀၄ သန်းဖြင့် လေးလက်မ အဝီစက်ရေတွင်း ၊ ဂါလန် ၂၀ဝ၀ ဆံ့ ရေအုတ်ကန်၊ အကျယ်အဝန်း(၁၀ ပေ × ၈ ပေ × ၈ ပေ) ရေစက်ရုံတို့ကို ညောင်ဦးမြို့နယ် အပူပိုင်းဒေသ ကျေးလက် ရေရရှိရေး စီမံကိန်း (JICA) မှ တာဝန်ယူ တူးဖော်ဆောင်ရွက်ပေးနေကြောင်းနှင့် ယခုလက်ရှိတွင် အဝီစိစက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းမှာ မြေအောက်အနက်ပေ ၉၀ဝ ကျော် တူးဖော် ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း အဆိုပါ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ရှိန်ထံမှ သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ငါ့သရောက်မြို့သည် မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်းဒေသတွင် ပါဝင်နေသည့်အတွက် နှစ်စဉ် မိုးရွာသွန်းမှုများ လျော့နည်းနေပြီး ကျေးလက်နေပြည်သူများ အနေဖြင့် ရာသီမရွေး သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် အဝီစိစက်ရေတွင်းများကိုသာ မှီခိုအားထားပြုနေရကြောင်း သိရကာ ယခုနှစ်တွင် ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ စက်စက်ကျေးရွာအုပ်စု၊ အိုင့်မတဲတိုက်တွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ ရာသီမရွေး သောက်သုံးရေ ဖူလုံစွာ သုံးစွဲခွင့်ရရှိစေရန် ရည်ရွယ်၍ လေးလက်မ အဝီစိစက်ရေတွင်းအား တူးဖော်ဆောင်ရွက်ပေးလျက်ရှိရာ အဆိုပါ အဝီစိစက်ရေတွင်း တူးဖော် ပြီးစီးသွားပါက ရာသီမရွေး သောက်သုံးရေ ဖူလုံစွာ သုံးစွဲခွင့်ရရှိတော့မည်ဖြစ်၍ ဒေသခံကျေးလက်နေပြည်သူများ ဝမ်းသာပျော်ရွှင်လျက်ရှိနေကြကြောင်း ညောင်ဦးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ရှိန်က ပြောပြသည်။
ရဲဝင်းနိုင် (ညောင်ဦး)


