ညောင်ဦး ၄ မေ
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် မြေတွင်းသွင်းကျေးရွာအုပ်စု ဇီးအိုကျေးရွာ ဘုန်းတော်ကြီးကျောင်းရှိ နှစ်ပေါင်း ၉၀ဝ ရာကျော် မန်ကျည်းပင်ကြီးအား ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ မပြတ်လာရောက် လေ့လာလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဇီးအိုကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်းရှိ မန်ကျည်းပင်ကြီးမှာ ကိုင်းတုတ် ၉ ကိုင်းရှိကာ မန်ကျည်းကိုးခွဟု လူသိများကြောင်း၊ ထိုမန်ကျည်းပင်ကြီးရှိရာသို့ စစ်ကိုင်းတောင်ရိုး သီတဂူဆရာတော် ရှင်ဉာဏိဿရ ဆရာတော်ဘုရားကြီး၏ လမ်းညွှန်မှုဖြင့် မန်ကျည်းပင်ကြီး၏ ကြီးမားစွာဖြာထွက်လာသော ကိုင်းကြီးများအား လေဒဏ်မိုးဒဏ်ကြောင့် ပဲ့ကျခြင်း၊ ကျိုးကျခြင်း၊ ပင်စည်အက်ကွဲခြင်းများမှ ခံနိုင်စေရန် ကွန်ကရစ်တိုင်များဖြင့် ကိုင်းတစ်ကိုင်း ကွန်ကရစ်တိုင်တစ်တိုင်စီဖြင့် ထောက်ထားပေးကာ ကွန်ကရစ်တိုင် အတိုအရှည် ကိုးတိုင်ဖြင့် ထောက်ထားခြင်းဖြစ်ကြောင်း ဇီးအိုကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ညိုထံမှ သိရှိရသည်။
ကြီးမားသည့်ပင်စည် ကိုးကိုင်းဖြင့် ဖြာထွက်နေသော မန်ကျည်းကိုးခွ မန်ကျည်းပင်ကြီး၏ ပင်စည်လုံးပတ် ပတ်လည် (၄၀) ပေရှိကာ၊ အမြင့် (၁၀၃) ပေ ရှိကြောင်း သိရသည်။ အပင်ခြေမှစတင်ကာ တက်၍ လွယ်ကူခြင်းကြောင့် ပြည်တွင်းပြည်ပ ဧည့်သည်များ အစုအဖွဲ့လိုက် လာရောက်ကြကာ မန်ကျည်းပင်အောက် ဓာတ်ပုံရိုက်ကူးခြင်း၊ မန်ကျည်းပင်ပေါ်တက်၍ ဓာတ်ပုံရိုက်ခြင်း၊ ဓာတ်ပုံပညာရှင်များ၊ အပျော်တမ်း ဓာတ်ပုံဝါသနာရှင်များ လာရောက်ဓာတ်ပုံရိုက်လေ့ရှိသည့် နေရာဖြစ်ကြောင်း ရွာထဲရှိ အသက်(၉၀)ကျော်အရွယ် ဦးဖြူက ပြောပြသည်။
မန်ကျည်းကိုးခွအပင်ကြီး၏ အရိပ်အာဝါသအောက်တွင် ဇီအိုးကျေးရွာမှ သက်ကြီးရွယ်အိုများ လာရောက်အပန်းဖြေကြကာ နားနေခြင်း၊ ကလေးငယ်များ ဆောကစားကြလေ့ရှိသည်။ ထိုမန်ကျည်းကိုးခွ မန်ကျည်းပင်မှ မန်ကျည်းရွက်နု စားသုံးခြင်း၊ မန်ကျည်းသီးမှည့် စားသုံးခြင်းဖြင့် ထိုမန်ကျည်းကိုးခွပင်ကြီးကဲ့သို့ အသက်ရှည်ရာ အနာမဲ့ကြောင်း ဇီးအိုကျေးရွာ မန်ကျည်းကိုးခွ မန်ကျည်းပင်ကြီးသို့ လာရောက်ကြသည့် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များက ယုံကြည်စွာ စားကြည့်ကြကြောင်း သိရသည်။
အဆိုပါ ဇီးအိုကျေးရွာသို့ သွားရောက်လိုပါက ညောင်ဦး-ကျောက်ပန်းတောင်းလမ်း တုရင်တောင် စွယ်တော်မြတ်စေတီသို့သွားသည့် တုရင်တောင် စွယ်တော်မြတ်မုဒ်ဦးနှင့် မျက်နှာချင်းဆိုင်သို့ သွားရောက်ပြီးလျှင် ၆ မိုင်ခန့်ဝေးသည့် ဇီးအိုးကျေးရွာ မန်ကျည်းကိုးခွသို့ ရောက်ရှိကြောင်း သိရသည်။
မောင်မောင်ထိန် (ကျောက်ပန်းတောင်း)


