နေပြည်တော် ၂ မေ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၏ ဦးဆောင်မှုဖြင့် စေတနာရှင်များက သဒ္ဒါတရားထက်သန်စွာ စုပေါင်းဆောင်ရွက်သော စေတနာ“မျှဝေခြင်း” အစီအစဉ်မှ ပြည်သူများ၏ လတ်တလောလိုအပ်နေသော ကျန်းမာရေး၊ ပညာရေး၊ သောက်သုံးရေရရှိရေးဆိုင်ရာ ကိစ္စရပ်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် ယမန်နေ့ နံနက်ပိုင်းက ညောင်ဦးမြို့နယ် ကန်ကျဲကျေးရွာအုပ်စု၊ ကျားခုတ်တဲတိုက်ကျေးရွာသို့ ရောက်ရှိကြပြီး စေတနာမျှဝေခြင်း အစီအစဉ်ဖြင့် ၄ လက်မစက်ရေတွင်း တူးဖော်နေမှုကို ကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင်က လက်ရှိမြေအဝင် ပေ ၅၀ဝ ကျော် တူးဖော်နေမှု၊ ဘူမိစမ်းသပ်မှုအရမြေအဝင် ပေ ၁၀ဝ၀ ခန့် တူးဖော်ရမည့် အခြေအနေများအား ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ကျန်းမာရေးနှင့်ညီညွတ်သည့် သန့်ရှင်းသောရေရရှိရေး၊ ကျေးရွာသူကျေးရွာသားများ၏ သောက်သုံးရေလိုအပ်ချက်ကို အမြန်ဖြည့်ဆည်းပေးနိုင်ရန်  သတ်မှတ်ကာလထက်စောစီးစွာ ပြီးစီးရေးကြိုးပမ်းဆောင်ရွက်ရန် ဆွေးနွေးပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကျေးရွာသူကျေးရွာသားများနှင့် တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များအပေါ် ရင်းနှီးခင်မင်စွာ ဆွေးနွေးခဲ့သည်။

 

mdn

 

ကျားခုတ်တဲတိုက်ကျေးရွာသည် သောက်သုံးရေအခက်အခဲဖြစ်ပေါ်နေပြီး ရေတွင်းရေကန် တူးဖော်အသုံးပြုရန် အခြားစီမံကိန်းများတွင် ပါဝင်ခြင်းမရှိသေးကြောင်းနှင့် ကူညီမှုပေးပါရန် ဆက်သွယ်လာမှုအရ “မျှဝေခြင်း”အစီအစဉ်မှ စက်ရေတွင်းတူးဖော်စရိတ်ကျခံပြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန စက်ယန္တယားနှင့် ပညာရှင်များက လုပ်အားဒါန ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)