ညောင်ဦး ၅ မေ
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါက်တာအောင်လင်း ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် မြို့နယ်အတွင်း ကျေးလက်ဒေသများတွင် တိရစ္ဆာန် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် တိရစ္ဆာန်များတွင် ရာသီအလိုက် ဖြစ်ပွားတတ်သော ကူးစက်ရောဂါ ဖြစ်ပွားမှုများ လျော့နည်းကျဆင်းစေရန် ရည်ရွယ်၍ မေ ၄ ရက် မွန်းလွဲ ၃ နာရီက ညောင်ဦးမြို့နယ် ငါ့လင်းပုတ်ကျေးရွာ အုပ်ချုပ်ရေးမှူးနေအိမ်သို့ သွားရောက်ပြီး တိရစ္ဆာန် ကူးစက်ရောဂါအကြောင်း ပညာပေးဟောပြောခြင်းနှင့် ကျေးရွာရှိနွားများအား ဒေါင့်သန်းရောဂါကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ တိရစ္ဆာန်ကူးစက်ရောဂါအကြောင်း အသိပညာပေး ဟောပြောပွဲသို့ ညောင်ဦးမြို့နယ် ငါ့လင်းပုတ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခင်မြို့နှင့် ဒေသခံတောင်သူ ၄၀ ဦးခန့် တက်ရောက်ခဲ့ပြီး ဟောပြောပွဲတွင် ညောင်ဦးမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါက်တာအောင်လင်းက အောင်မြင်အကျိုးဖြစ်ထွန်းသော အခြေခံတိရစ္ဆာန် မွေးမြူရေးနည်းစနစ်များ၊ ရာသီအလိုက် ဖြစ်ပွားတတ်သည့် တိရစ္ဆာန်ကူးစက်ရောဂါများ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရန်နည်းလမ်းများ၊ နွားမွေးမြူရေးနှင့် ပတ်သက်သည့် မေထုံမဲ့သားစပ်နည်းပညာများ အကြောင်းကို အသေးစိတ် ရှင်းလင်းဆွေးနွေး ဟောပြောခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ဒေသခံတောင်သူများက ရေမြေဒေသနှင့် ကိုက်ညီသော တိရစ္ဆာန်မွေးမြူရေးဆိုင်ရာ နည်းစနစ်များနှင့် ကူးစက်ရောဂါ လျော့နည်းကျဆင်းရေးအတွက် လိုက်နာရန်အချက်များနှင့် စပ်လျဉ်းပြီး သိရှိလိုသည်များကို မေးမြန်းရာ ဒုတိယဦးစီးမှူး ဒေါက်တာအောင်လင်းက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့သည်။
ဟောပြောပွဲအပြီးတွင် ဒုတိယဦးစီးမှူး ဒေါက်တာအောင်လင်းနှင့် ဝန်ထမ်းများအဖွဲ့က ညောင်ဦးမြို့နယ် ငါ့လင်းပုတ်ကျေးရွာရှိ ဒေသခံတောင်သူများ မွေးမြူထားရှိသည့် နွားအကောင်ရေ ၁၇၈ ကောင်နှင့် ချောင်းဝကျေးရွာရှိ ဒေသခံတောင်သူများ၏ နွားအကောင်ရေ ၈၁ ကောင်တို့အား ဒေါင့်သန်းရောဂါ မဖြစ်စေရေး ဒေါင့်သန်းရောဂါ ကာကွယ်ဆေးများ အခမဲ့ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


