ညောင်ဦး ၂ မတ်
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၌ ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုကျင်းပမည့် စာစစ်ဌာနများ မီးဘေးလုံခြုံစိတ်ချရမှုရှိစေရန်နှင့် ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းစွာ ဝင်ရောက်ဖြေဆိုနိုင်ရန် ရည်ရွယ်၍ ညောင်ဦးခရိုင်မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးကောင်းထက်နိုင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက မတ် ၂ ရက်၊ ယနေ့ နံနက်ပိုင်းက ညောင်ဦးမြို့ပေါ်ရှိ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် စာစစ်ဌာနများအား မီးဘေးလုံခြုံရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ယခုနှစ်တွင် ကျင်းပမည့် ၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ညောင်ဦးခရိုင်အတွင်း စာစစ်ဌာန ၁၂ ခုဖြင့် ဖြေဆိုကျင်းပပြုလုပ်သွားရန် စီစဉ်ထားရှိကြောင်း သိရပြီး၊ အဆိုပါ တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် စာစစ်ဌာန ၁၂ ခုအား ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းစွာ ဝင်ရောက်ဖြေဆိုနိုင်ရန်နှင့် စာမေးပွဲ ဖြေဆိုနေစဉ်အတွင်း မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပေါ်စေရေးအတွက် ညောင်ဦးခရိုင်မီးသတ်ဦးစီးဌာန ခရိုင်မီးသတ်ဦးစီးမှူး ဦးသက်နိုင်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် နယ်မြေအလိုက် မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးလုံခြုံရေးလုပ်ငန်းများ ကြပ်မတ်စစ်ဆေးဆောင်ရွက်ပေးနေကြောင်း သိရသည်။ ယနေ့နံနက်ပိုင်းက ညောင်ဦးခရိုင် မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးကောင်းထက်နိုင် နှင့် မီးသတ်တပ်ဖွဲ့ဝင်များက နယ်မြေရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်း၍ ညောင်ဦးမြို့ပေါ်ရှိ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့်စာစစ်ဌာနများတွင် မီးဘေးလုံခြုံစိတ်ချရမှုရှိစေရန် မီးသတ်ဆေးဘူးများလုံလောက်စွာ စီစဉ်ဆောင်ရွက်ထားမှု ရှိ / မရှိ၊ လျှပ်စစ်မီးကြိုးများနှင့် မီးပလပ်ခုံများ ကြံ့ခိုင်ကောင်းမွန်မှု ရှိ / မရှိ နှင့် ရေလှောင်ကန်များအတွင်း ရေအပြည့် ဖြည့်တင်းဆောင်ရွက်ထားမှု ရှိ / မရှိ တို့ကို လိုက်လံစစ်ဆေးပြီး စာစစ်ဌာနတာဝန်ခံများနှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များကို တွေ့ဆုံ၍ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုစဉ် ကာလအတွင်း မီးလန့်မှုမဖြစ်စေရေး မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ စီမံဆောင်ရွက်ထားရှိရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


