ညောင်ဦး ၂၃ ဧပြီ   

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ကြို့ပင်သာကျေးရွာ၊  တောရွာကျေးရွာနှင့် ငါ့မင်းမေးကျေးရွာတို့မှ  ဒေသခံ ကျေးလက်နေပြည်သူများသည် ယခုနှစ်နွေရာသီတွင် သောက်သုံးရေရှားပါးမှု အခက်အခဲများ ကြုံတွေ့နေရသဖြင့် ယနေ့ နံနက် ၈ နာရီခွဲက ဒေသခံကျေးလက်နေပြည်သူများထံ ရေသယ်ယာဉ်များဖြင့် သောက်သုံးရေများ ဖြန့်ဝေလှူဒါန်းပေးခဲ့ ကြောင်း သိရသည်။

 

ေေ

 

အဆိုပါ သောက်သုံးရေများ ဖြန့်ဝေလှူဒါန်းပေးခြင်းကို သုမင်္ဂလာ ပရဟိတရေလှူအသင်းနှင့် မြင်းကပါကျေးရွာ ဖြူစင်မေတ္တာပရဟိတ ရေလှူအသင်းတို့မှ  ဆရာတော် ဥူးသုမင်္ဂလ၊ ဆရာတော် အရှင်သာဂရ တို့မှ ဦးဆောင်၍ ပရဟိတရေလှူအသင်းသားများအဖွဲ့က ညောင်ဦးမြို့နယ် တောရွာကျေးရွာ ဒေသခံပြည်သူ များအတွက် ရေဂါလံ ၁၃၀ဝ၊ ငါ့မင်းမေးကျေးရွာ ဒေသခံပြည်သူများအတွက် ရေဂါလံ ၁၃၀ဝ၊  ကြို့ပင်သာကျေးရွာ ဒေသခံပြည်သူများအတွက် ရေဂါလံ ၁၃၀ဝ၊ စုစုပေါင်း ရေဂါလံ ၃၉၀ဝ အား အိမ်ထောင်စုအလိုက် သောက်သုံးရေ ဖူလုံစွာသုံးစွဲနိုင်ရေး ရေသယ်ယာဉ်များဖြင့် စနစ်တကျ ခွဲဝေလှူဒါန်း ပေးခဲ့ကြောင်း သိရသည်။

 

ိိ

 

ညောင်ဦးမြို့နယ်၌ ရာသီဥတု အပူချိန်မြင့်တက်လာမှုနှင့်အတူ ကျေးလက်နေပြည်သူများ သောက်သုံးရေ ရှားပါးမှု အခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေရပြီး ယခုလို သောက်သုံးရေရှားပါးသည့်အချိန်တွင် ဒေသခံပြည်သူများ သောက်သုံးရေဖူလုံစွာသုံးစွဲနိုင်ရေးအတွက် သုမင်္ဂလာ ပရဟိတရေလှူအသင်းနှင့် ဖြူစင်မေတ္တာ ပရဟိတရေလှူအသင်းတို့က ရေသယ်ယာဉ်များဖြင့် ကျေးရွာအရောက် စဉ်ဆက်မပြတ် လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)