နတ်တလင်း နိုဝင်ဘာ ၁၆
စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးပညာပေးရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးတိုးမင်း၊ ပဲခူးတိုင်းဒေသကြီး (အနောက်)ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးဇော်ဝင်းထွန်း၊ ပြည်ခရိုင်ဦးစီးမှူး ဦးအောင်စိုးမိုး တို့နှင့်အတူ ၂၀၂၅-၂၀၂၆ မိုးစပါး စိုက်ပျိုးချိန်ရာသီတွင် နတ်တလင်းမြို့နယ် တံခွန်တိုင်ကျေးရွာ တောင်သူ ဦးရဲမြင့်၏ လယ်မြေတွင် စိုက်ပျိုးထားသော အရည်အသွေးကောင်း၊ အထွက်ကောင်း စပါးမျိုးဖြစ်သည့် ရေဆင်းပေါ်ဆန်း-၁ စပါးမျိုး တစ်ဧကနှင့် ရေဆင်းပေါ်ဆန်း-၂ စပါးမျိုး တစ်ဧက မျိုးသန့်ပွား စိုက်ပျိုးထားရှိမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
မှာကြား
ရေဆင်းပေါ်ဆန်း စပါးမျိုးများသည် နွေစပါး၊ မိုးစပါး စိုက်ပျိုးနိုင်ပြီး ပေါ်ဆန်းမွှေးကဲ့သို့ အရည်အသွေးကောင်းမွန်ခြင်း၊ ရက် ၁၂၀-၁၃၆ ရက်သက်တမ်းရှိ အထွက်ကောင်းမျိုးများ ဖြစ်ကာ ပန်းတိုင်အထွက်နှုန်း ရရှိနိုင်သည့် အလားအလာကောင်းသော စပါးမျိုးများဖြစ်၍ နိုင်ငံခြား Export တင်ပို့နိုင်ခြင်းကြောင့် တောင်သူဝင်ငွေ နှစ်ဆတိုးပြီးရရှိနိုင်မည် ဖြစ်ကြောင်း၊ တောင်သူများ ရေဆင်းပေါ်ဆန်းစပါးမျိုးများကို တွင်တွင်ကျယ်ကျယ်စိုက်ပျိုးကာ ပြည်တွင်း စားသုံးမှုပိုလျှံအောင် ထုတ်လုပ်ပြီး ပြည်ပသို့ တင်ပို့နိုင်ရေး ကြိုးပမ်းခြင်းဖြင့် နိုင်ငံခြားဝင်ငွေ ရရှိနိုင်ကြောင်း၊ ယခု မျိုးသန့် စပါးမျိုးစေ့များကို အသုံးပြုပြီး လာမည့် ၂၀၂၆-၂၀၂၇ မိုးစပါးရာသီနှင့် နွေစပါးရာသီတွင် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးထုတ်လုပ်နိုင်ရေး ကြိုးပမ်းအားထုတ်ကြရန် လိုကြောင်း တောင်သူများအား တွေ့ဆုံမှာကြားခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)


