တီဟီရန် ၅ ဖေဖော်ဝါရီ
အီရန်နိုင်ငံ၏ ကမ္ဘာ့အင်အားကြီး တိုင်းပြည်များနှင့် နျူကလီးယား သဘောတူညီချက် ထိန်းသိမ်းရာတွင် ဥရောပသမဂ္ဂနှင့် လက်တွဲဆောင်ရွက် ရန်ပြင်ဆင်နေကြောင်း သမ္မတ ဟတ်ဆန်ရိုဟာနီက ပြောသည်။
သမ္မတ ရိုဟာနီ၏ တီဟီရန်မြို့၌ ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာအကြီးအကဲ ဂျိုးဆက်ဘော်ရယ်လ်နှင့် တွေ့ဆုံမှုနှင့်ပတ်သက်၍ အီရန်သမ္မတ ရုံးက ဖေဖော်ဝါရီ ၃ ရက်တွင် ကြေညာ ချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။
နျူကလီးယားသဘောတူညီချက်မှ အမေရိကန်ပြည်ထောင်စု၏ တစ်ဖက်သတ် ထွက်ခွာမှုက သဘောတူညီချက် အပြည့်အဝ အကောင်အထည်ဖော်ဆောင်ရာတွင် အခြားတိုင်းပြည်များအတွက် အဟန့်အတားများ၊ အခက်အခဲများဖြစ်စေခဲ့ကြောင်း ရိုဟာနီကပြောသည်။ ထိုပြဿနာများဖြေရှင်းရာ တွင် ဥရောပသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်ရန် အီရန်နိုင်ငံက အဆင်သင့်ရှိနေကြောင်း သူက ဆိုသည်။
အခြားတိုင်းပြည်က ကတိကဝတ် အပြည့်အဝစောင့်ထိန်းပါက အီရန်နိုင်ငံကလည်း ကတိကဝတ်များကို ပြန်လည်ဖော်ဆောင်ရန် အသင့်ရှိကြောင်း ရိုဟာနီက ပြောသည်။ အီရန် နိုင်ငံက အခြားတိုင်းပြည်များထံမှ စီးပွားရေးအကူအညီများရယူခဲ့ပြီး နျူကလီးယား သဘောတူညီချက် ထိန်းသိမ်းမည့် အဖြေတစ်ခုရှာဖွေလိုကြောင်း အလေးထားပြောကြားခဲ့သည်။ စာချုပ်တာရှည်ခံမည့် အပြန် အလှန်အကျိုးပြုမှုရရှိရန် သူ၏သက်တမ်းအတွင်း ကြိုးပမ်းသွားမည် ဟုအီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗက်ဇာရစ်ဖ်နှင့်လည်း တွေ့ဆုံခဲ့သည့် ဂျိုးဆက်တော်ရယ်လ်က ပြောသည်။
အီရန်နိုင်ငံက ၂၀၁၅ ခုနှစ် နျူကလီး ယားသဘောတူညီချက်ကို ချိုးဖောက်၍ ယူရေနီယမ်သန့်စင်မှု တိုးမြှင့် လုပ်ဆောင်လျက်ရှိသည်။ ဥရောပ တိုင်းပြည်များက အရေးယူမှုများ ပြန်လည်ထားရှိရန် အဆိုပါကိစ္စကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီထံ လွှဲပြောင်းပေးရန် အသင့်ရှိနေကြသည်။ အီရန်နိုင်ငံက ထိုအစီအစဉ်ကို အပြင်းအထန်ကန့်ကွက်ခဲ့သည်။
ကိုးကား - အင်န်အိတ်ချ်ကေ ဘာသာပြန် - ကျော်ထိုက်စိုး


