ပေကျင်း ဇူလိုင် ၂၇

တရုတ်အစိုးရက ဉာဏ်ရည်တုနည်းပညာဖွံ့ဖြိုး တိုးတက်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သည့် အဖွဲ့အစည်းတစ်ခု တည်ထောင်ရန် အဆိုပြုခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံဝန်ကြီးချုပ် လီချန်းက ဇူလိုင် ၂၆ ရက်တွင် ရှန်ဟိုင်း၌ပြုလုပ်သည့်   ဉာဏ်ရည်တု နည်းပညာညီလာခံ၌ အထက်ပါအဆိုပြုချက်ကို တင်ပြခဲ့ကြောင်း သိရသည်။

နည်းပညာဖွံ့ဖြိုးတိုးတက်မှုနှင့် လုံခြုံမှုကို ထိန်းသိမ်းကာ ကမ္ဘာလုံးဆိုင်ရာ ဉာဏ်ရည်တု မူဘောင်နှင့် စည်းမျဉ်းများချမှတ်ရန် နိုင်ငံအချင်းချင်း ပေါင်းစပ်ညှိနှိုင်းမှု အားကောင်းရန် လိုအပ်ကြောင်းလည်း တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်းက ပြောကြားခဲ့သည်။

ဉာဏ်ရည်တုနည်းပညာဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်း၏ ဌာနချုပ်ကို ရှန်ဟိုင်း၌ တည်ထောင်ရန် တရုတ်အစိုးရက စဉ်းစားလျက်ရှိကြောင်း သိရသည်။  ထိုကဲ့သို့ အဖွဲ့အစည်းတည်ထောင်ရန် ပြင်ဆင် ရာတွင် အခြားနိုင်ငံများ၏ တက်ကြွစွာ ပူးပေါင်းပါဝင်မှုကို တရုတ်နိုင်ငံက ကြိုဆိုလျက်ရှိသည်။

လက်ရှိတွင် ဉာဏ်ရည်တုနည်းပညာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပြိုင်ဆိုင်မှုသည် အဓိကအားဖြင့် အမေရိကန်နှင့် တရုတ်ကြားတွင် အရှိန်မြှင့်တက် လျက်ရှိသည်။                         

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်