ဇူလိုင် ၁၅
ဩစတြေးလျနိုင်ငံမြောက်ပိုင်းတွင် ရဟတ်ယာဉ်တစ်စင်းပျံသန်းနေစဉ် ငှက်တစ်ကောင်ကို တိုက်မိသဖြင့် ရဟတ်ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။
အဆိုပါ ရဟတ်ယာဉ်ပေါ်တွင် လိုက်ပါလာသူနှစ်ဦးရှိပြီး ဒါဝင်မြို့အရှေ့ဘက် ကီလိုမီတာ ၅၀၀ ကျော် အကွာ လိတ်ခ်အီဗီလာလေဆိပ်တွင် အရေးပေါ်ဆင်းသက်ခဲ့ရကြောင်း၊ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီခန့်က အရေးပေါ်အစီရင်ခံစာများ လက်ခံရရှိကြောင်း ယမန်နေ့ညပိုင်းက ထုတ်ပြန်သောထုတ်ပြန်ချက်တွင် နိုင်ငံမြောက်ပိုင်းရဲတပ်ဖွဲ့က ပြောကြားသည်။
အဆိုပါ မတော်တဆမှုကြောင့် အသက် ၅၄ နှစ်အရွယ် ခရီးသည်အမျိုးသားတစ်ဦး သေဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။ လေယာဉ်မှူးသည် ဘေးကင်းစွာဖြင့် ရဟတ်ယာဉ်ဆင်းသက်နိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရမှုမရှိဟု သိရသည်။
ရဲတပ်ဖွဲ့နှင့် ဆေးဘက်ဆိုင်ရာအဖွဲ့များ ထိုနေရာသို့ရောက်ရှိလာပြီး အမျိုးသားတစ်ဦးသေဆုံးကြောင်း ပြောကြားသည်။
ရဟတ်ယာဉ်ပျံသန်းစဉ် တိုက်မိသောငှက်သည် လေယာဉ်အတွင်း ခရီးသည်ရှိရာနေရာသို့ ထိမှန်လွင့်စဉ်ခဲ့သည်ဟု News Corp Australia သတင်းစာက ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


