ရန်ကုန် ၁ မတ် 
    

 

မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းက စီစဉ်ကျင်းပသည့် Online ပေါ်က Digital E-book စာအုပ်များနှင့် မူပိုင်ခွင့်ဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့  ပန်းဆိုးတန်းနှင့် ကုန်သည်လမ်းထောင့်ရှိ Kafe In Town စားသောက်ဆိုင်၌ ကျင်းပသည်။
    

 

ဆွေးနွေးပွဲတွင် WE distribution နှင့် ငါတို့စာပေမှ ဆရာ မြေမှုန်လွင်က Moderator အဖြစ်ဆောင်ရွက်ပြီး CEO-Information Matrix Co.,Ltd နှင့် 7 Day News Journal မှ ဦးသောင်းစုငြိမ်း၊ စာပေ၊ ရုပ်ရှင် ဥပဒေပညာရှင် ဒါရိုက်တာ ဦးအောင်စိုးဦး၊ ပြန်ကြားရေးဝန်ကြီးဌာန မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာန ညွှန်ကြားရေးမှူး ဒေါ်ယုယုဝင်းတို့က Online ပေါ်က Digital E-book စာအုပ်များ နှင့်စပ်လျဉ်း၍ မူပိုင်ခွင့်ဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးကြသည်။
    

 

ထိုသို့ဆွေးနွေးရာတွင် ဆရာမြေမှုန်လွင်က Online ပေါ်က Digital E-book စာအုပ်များကြောင့် စာရေးသူ၊ ထုတ်ဝေသူ၊ စာဖတ်သူတို့ နစ်နာနိုင်သည့်အပြင် တရားမဝင်ပျံနှံမှုနှင့် အွန်လိုင်းပေါ်တွင် ရေးသားသူ အနေဖြင့်လည်း တရားရင်ဆိုင်ရပါက နစ်နာနိုင်ကြောင်း ပြောကြားသည်။ 


  

df

 

Online ပေါ်တွင်ပျံ့နှံနေမှုနှင့် စပ်လျဉ်း၍ ဦးသောင်းစုငြိမ်းက အွန်းလိုင်းပေါ်တွင် ဝက်ဘ်ဆိုက်ထောင်၍ ငွေကြေးယူသူများရှိသကဲ့သို့ အခမဲ့ဖြန့်ဝေ ပေးနေသူများလည်း ရှိနေ၍ ထုတ်ဝေသူများအနေဖြင့် နည်းပညာနှင့် ဒစ်ဂျစ်တယ်နောက်သို့ ယုံယုံကြည်ကြည် လိုက်ပါရန်လိုကြောင်း၊ စာပေလောက ဖြတ်သန်းမှုတွင် MPT နှင့် ဝန်ဇင်းကဲ့သို့သော တရားဝင် ပလက်ဖောင်းများများစွာ ပေါ်ပေါက်ရန်လိုကြောင်း၊ တာဝန်ရှိသူများနှင့် ထုတ်ဝေသူများ အနေဖြင့်လည်း စာအုပ်များကို စာအုပ်ဆိုင်များတွင် တရားဝင်လမ်းကြောင်းဖြင့် ဝယ်ယူရရှိနိုင်သည့်နည်းတူ အားလုံးပူးပေါင်း၍ မည်သည့် တရားဝင် Online Bank များတွင် ဝယ်ယူဖတ်ရှု ရရှိနိုင်ကြောင်းကို ပရိတ်သတ်အား အသိပေးမှုများ ပြုလုပ်ဆောင်ရွက်သင့်ကြောင်း၊ စာရေးသူနှင့် ထုတ်ဝေသူ ညှိနှိုင်းထားပြီး E-Book များကိုလဲ ဆောင်ရွက်ထားသင့်ကြောင်း၊ ထိုသို့ဆောင်ရွက်ပါက ဒစ်ဂျစ်တယ် ထုတ်လုပ်မှု ဈေးကွက်တွင် အသုံးပြုမည့်သူများ အသင့်ရှိနေကြောင်း၊ ထို့ကြောင့် ထုတ်ဝေသူများအနေဖြင့် ဒစ်ဂျစ်တယ်နောက်သို့ ယုံယုံကြည်ကြည် လိုက်ပါရန်လိုအပ်ကြောင်း  ဆွေးနွေးသည်။ 

 

ထုတ်ဝေသူများနှင့် Online တွင် တရားမဝင် PDF ဖြန့်ချိနေသူများအကြား ဖြစ်ပေါ်နေမှုနှင့် စပ်လျဉ်း၍ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာန ညွှန်ကြားရေးမှူး ဒေါ်ယုယုဝင်းက ထုတ်ဝေသူများအနေဖြင့် PDF ၏ ပြဿနာကို ခံစားနေရကြောင်း၊ မူပိုင်ခွင့်နှင့်ပတ်သက်လျင် မူလဖန်တီးသူနှင့် အခွင့်အရေးရရှိသူများ၏ ခွင့်ပြုချက်ကို တောင်းဆိုမှုမရှိဘဲ ဖန်တီးပြုလုပ်ခြင်းသည် ကျင့်ဝတ်ကို ဖောက်ဖျက် ခြင်းဖြစ်ကြောင်း၊ မူပိုင်ခွင့်နှင့်ပတ်သက်၍ နားမလည်သောကြောင့် ချိုးဖောက်သူများရှိသကဲ့သို့ သိလျက်နှင့် ချိုးဖောက်နေသူများလည်း ရှိနေကြောင်း၊ မူပိုင်ခွင့်နှင့် ပတ်သက်၍ နားလည်မှုနည်းပါးနေသည်ဟု ထင်မြင်မိကြောင်း၊ မူပိုင်ခွင့်နှင့်ပတ်သက်၍ ၁၉၁၄ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် ဥပဒေရှိသော်လည်း ခေတ်စနစ်နှင့် လိုက်လျောညီထွေမှု မရှိသည့်အတွက်  ဥပဒေသစ်များပြဋ္ဌာန်းခဲ့ပြီး ဆက်လက် ပြဋ္ဌာန်းရန်ဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးပြောကြားသည်။
    

 

မူပိုင်ခွင့်နှင့်ပတ်သက်၍ နှစ်ဦးနှစ်ဖက် ညှိနှိုင်းဆောင်ရွက်နိုင်ခြင်းမရှိပါက တရားဥပဒေလမ်းကြောင်းအရ အရေးယူဆောင်ရွက်သွားနိုင်မည့်အပေါ် စာပေ၊ ရုပ်ရှင်နှင့် ဥပဒေပညာရှင် ဒါရိုက်တာ ဦးအောင်စိုးဦးက ဆက်သွယ်ရေး ဥပဒေ၊ မူပိုင်ခွင့်ဥပဒေများဖြင့် အရေးယူနိုင်ကြောင်း၊ မူပိုင်ခွင့်ဥပဒေ ပြဋ္ဌာန်းခဲ့သည်မှာ ၁၀၅ နှစ်ရှိခဲ့ပြီဖြစ်သော်လည်း ယင်းဥပဒေဖြင့်ပင် အရေးယူမှုများပြုလုပ်နိုင်ကြောင်း ဆွေးနွေးပြောကြားသည်။

 

ဆွေးနွေးပွဲသို့ စာရေးဆရာများ၊ ထုတ်ဝေသူများနှင့် စာပေအသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်များ၊ စာပေဝါသနာရှင်များ၊ သတင်းမီဒီယာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး သိရှိလိုသည့် မေးမြန်းမှုများအပေါ် ပါဝင်ဆွေးနွေးကြသူများက ပြန်လည်ဖြေကြားကြသည်။

 

ef

 

စာအုပ်စာပေနှင့်ပတ်သက်၍ Online ပေါ်တွင် ဖြန့်ချိရေးစနစ်များတွင် ကျယ်လာမှုကြောင့် စာရေးဆရာများနှင့် ထုတ်ဝေသူများအတွက် ရေရှည်ရပ်တည်ရန် အခက်အခဲများ ဖြစ်ပေါ်လာနိုင်သည့်အပေါ် ကြိုတင်ကာကွယ်နိုင်ရန်၊ စာရေးသူနှင့် ထုတ်ဝေသူတို့အတွက် နစ်နာမှုများမရှိစေရန်၊ စာပေအကျိုးစီးပွားတွင် ပါဝင်ပတ်သက်သူအားလုံး အသိပညာများရရှိပြီး ကျင့်ဝတ်လိုက်နာနိုင်စေရန် ရည်ရွယ်၍ ယနေ့ဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်သည်။

 

မူပိုင်ခွင့်နှင့်ပတ်သက်၍ စက်မှုဒီဇိုင်းမူပိုင်ခွင့် ဥပဒေ၊ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် ဥပဒေတို့ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် အတည်ပြု ပြဋ္ဌာန်းနိုင်ခဲ့ပြီး တီထွင်မှု မူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့် အနုပညာမူပိုင်ခွင့် ဥပဒေတို့ကို မကြာမီ အတည်ပြု ပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

 

သတင်း-ရဲခေါင်၊ ဇော်ကြီး၊ ဓာတ်ပုံ-ရဲထွဋ်