သနပ်ပင် ၂၇ ဧပြီ
ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ် တာဝရေတံခါးကျေးရွာရှိ ပဲခူး-စစ်တောင်း တူးမြောင်းဖြတ် တာဝရေတံခါး တံတား ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းဝင်း၊ သယံဇာတ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး၊ တိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဒန် တို့က တာဝရေတံခါး တံတားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် တံတားအား လှည့်လည်ကြည့်ရှု ခဲ့ကြသည်။
အဆိုပါတံတားသည် သံကူကွန်ကရစ်အမျိုးအစားဖြစ်ပြီး တံတားအရှည် ပေ၁၅၀၊ အနံ ၁၄ပေ၊ အမြင့် ၁၅ ပေရှိကာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ကျပ်(၂၅၀)သန်းဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။ တာဝရေတံခါး တံတားသစ်ကြီးသည် မြို့နယ် ၃ မြို့နယ်ဖြစ်သော ပဲခူး-သနပ်ပင်-ကဝမြို့နယ်များသို့ ဖြတ်သန်း သွားလာနိုင်မည်ပြီး ခံနိုင်ဝန်(၂၀)တန်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများသည် ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်ရာ အခမ်းအနားတွင် ဝန်ကြီးချုပ်က ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ၊ အခြေခံပြဿနာများ၊ လူမှုဘဝများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း အဖြေရှာပေးနိုင်ရန် လူထုတွေ့ဆုံပွဲများ ပြုလုပ်ခြင်းဖြစ်ကြောင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးက တိုင်းပြည်နှင့်မိမိဒေသဖွံ့ဖြိုးတိုးတက်မှုအတွက် အစိုးရနှင့် ပြည်သူ လက်တွဲညီစွာ ပူပေါင်းပါဝင်ဆောင်ရွက်စေလိုကြောင်း အမှာစကားများ ပြောကြားခဲ့သည်။
ထို့နောက် တာဝရေတံခါးကျေးရွာ၊ ကုန်းတန်းကျေးရွာ၊ ကျိုက်ပဒိုင်ကြီးကျေးရွာ၊ ကျိုက်ပဒိုင်လေးကျေးရွာ၊ စဉ့်အိုးဘိုကျေးရွာ၊ အနောက်တန်ခွန်တိုင်ကျေးရွာနေ ပြည်သူများမှ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ တင်ပြကြရာ ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းအဖြေရှာကာ ရှင်းလင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဟိန်းထက်(ပဲခူး)


