ပဲခူး ၃ မတ်

 

ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် တရားလွှတ်တော်များ၊ ခရိုင်တရားရုံးများ၏ (၁၆)ကြိမ်မြောက် အစည်းအဝေးအား ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။

 

အဆိုပါ ထပ်ဆင့်ရှင်းလင်းပွဲတွင် ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဦးမောင်မောင်ရွှေက တရားစီရင်ရေးသည် တရားရုံးများ၏ ပင်မတာဝန်ဖြစ်သောကြောင့် တရားစီရင်ရေးလုပ်ငန်းများ တိုးတက်ကောင်းမွန်ရန်အတွက် တရားရုံးအဆင့်ဆင့်၏ အမှုများစစ်ဆေးစီရင်မှု၊ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်မှု၊ မှန်ကန်မှု၊ မျှတမှု၊ ဘက်မလိုက်မှု၊ အဂတိတရားကင်းစင်မှုတို့သည် အဓိကကျကြောင်း၊ တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်ခိုင်မာရေး၊ ဘက်လိုက်မှုကင်းသည့် တရားစီရင်ရေး၊ အဂတိတရားကင်းစင်သည့် တရားစီရင်ရေးဖြစ်ပေါ်ရေး၊ တရားရုံးများရှိ သက်သေခံပစ္စည်းများ ထိရောက်မြန်ဆန်စွာ စီမံခန့်ခွဲရေးတို့အတွက် တိုင်း/ခရိုင်/မြို့နယ်များ အဆင့်ထိ အဆင့်ဆင့်တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် စဉ်ဆက်မပြတ် ကြပ်မတ်ဆောင်ရွက်ကြရန်လိုကြောင်း၊ ဥပဒေနှင့်အညီ လွတ်လပ်စွာ တရားစီရင်ရေးသည် နိုင်ငံတော်၏ အခြေခံမှုဖြစ်သလို တရားစီရင်ရေးမူတစ်ရပ်လည်း ဖြစ်ကြောင်း၊ အဆင့်ဆင့်သော တရားသူကြီးများ၏ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှု၊ ကျင့်ဝတ်လိုက်နာမှု၊ လုပ်ငန်းတွင် လုံ့လရှိမှုတို့ဖြင့်သာ လွတ်လပ်သော တရားစီရင်ရေးကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ အမှုအခင်းများကို ဥပဒေနှင့်အညီ တရားမျှတပြီး အချိန်မီထိရောက်စွာ ဖြေရှင်းပေးရေးနှင့် အထူးမှုခင်းကိစ္စရပ်များ တိုးမြှင့်ဆောင်ရွက်ရေး၊ တရားမျှတမှုနှင့် တရားရုံး သတင်းအချက်အလက်များ အများပြည်သူ လက်လှမ်းမီရေးတို့ကို ပိုမိုအလေးအထား ဆောင်ရွက်သွားကြရန်၊ တရားရုံး၏ အကောင်းဆုံး ဂုဏ်သတင်းကို ထိန်းသိမ်းလျက် လူတိုင်းသို့ အရည်အသွေးမြင့် တရားမျှတမှုကို ဖြည့်ဆည်းပေးနိုင်ရေးနှင့် တရားစီရင်ရေးအပေါ် အများပြည်သူများ၏ ယုံကြည်ကိုးစားမှု တိုးတက်မြင့်မားလာရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်သွားကြရန် ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၏ လမ်းညွှန်မှာကြားချက်အား ထပ်ဆင့်ရှင်းလင်း ပြောကြားသည်။

 

ထို့နောက် တရားလွှတ်တော်တရားသူကြီးများနှင့် တိုင်းဒေသကြီး တရားရေးဦးစီးမှူးတို့က (၁၆)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး အတွေ့အကြုံများအား ထပ်ဆင့်ရှင်းလင်းပြောကြားပြီး ၂၀၁၈ ခုနှစ်အတွင်း အမှုကျဆင်းရေး စွမ်းဆောင်မှုနှင့် ကြီးကြပ်မှု အောင်မြင်သည့်အတွက် ဂုဏ်ပြုမှတ်တမ်းများကို တရားသူကြီးချုပ် ဦးမောင်မောင်ရွှေက ပေးအပ်သည်။

 

အခမ်းအနားသို့ တိုင်းဒေသကြီး တရားလွှတ်တော် တရားကြီးချုပ်နှင့် တရားသူကြီးများ၊ ခရိုင်တရားသူကြီးများ၊ တရားရေးအရာရှိများ စုစုပေါင်း ၁၀၆ ဦး တက်ရောက်ကြကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)