ရန်ကုန် ၅ မတ် 

မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံရုံးက ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) ၏ လုပ်ငန်းစဉ်များတွင် အသုံးပြုနိုင်ရန်အတွက် KIA အမျိုးအစား မော်တော်ယာဉ် (၁) စီး၊ Samsung Tablet PC အလုံး (၁၁၀)နှင့် Daewoo မီးစက်ငယ် အလုံး (၂၀) တို့ကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ပေးအပ်လှူဒါန်းခဲ့သည်။ 

 

3

 

အခမ်းအနားတွင် ကိုရီးယားသမ္မတနိုင်ငံသံအမတ်ကြီး H.E Mr. Lee Sang-hwa က လှူဒါန်းရခြင်းရည်ရွယ်ချက်နှင့် ပတ်သက်၍ “ကိုရီးယားနိုင်ငံနှင့် မြန်မာနိုင်ငံသည် များစွာသော ရင်းနှီးမှုများရှိကြပါကြောင်း၊ သမိုင်းအရသော်လည်ကောင်း၊ စိတ်ပိုင်းဆိုင်ရာ အရသော်လည်းကောင်း တူညီနေပါကြောင်း၊ ယနေ့လှူဒါန်းထားသော ပစ္စည်းများသည် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ကိုးရီးယားနိုင်ငံ၏ အားပေးမှုကို ပြသနေခြင်းဖြစ်ပါကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။ 

ထို့နောက် ကိုရီးယားနိုင်ငံ သံအမတ်ကြီးက JMC-U ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များထံ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အားပေးထောက်ခံသည့်အနေဖြင့် လှူဒါန်းထားသော အထောက်အကူပြု ပစ္စည်းများအား လွှဲပြောင်းပေးအပ်သည်။

လွှဲပြောင်းပေးအပ်ပြီးနောက် JMC-U ဥက္ကဋ္ဌက ကိုရီးယားနိုင်ငံ သံအမတ်ကြီးထံ ဂုဏ်ပြုကျေးဇူးတင်လွှာမှတ်တမ်းနှင့် အထိမ်းအမှတ်လက်ဆောင်အား ပြန်လည်ပေးအပ်သည်။

ဆက်လက်၍ JMC-U ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပေးအပ်လှူဒါန်းခြင်းအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားရာတွင် “NCA မှာပါတဲ့ သဘောတူညီချက်တွေကို လက်နက်ကိုင်အဖွဲ့အစည်းများ လိုက်နာမှုရှိ/မရှိ စောင့်ကြည့်ဖို့ အဓိကဖြစ်ပွားရာဒေသတွေမှာ ဒေသခံ အရပ်သား စောင့်ကြည့်ရေး (LCM) တွေကို လုပ်ငန်းစဉ်အကောင်အထည်ဖော်ဖို့အတွက် ဆက်လက်ဖွဲ့စည်းမှာ ဖြစ်ပါတယ်။ ဒီနေ့ ကိုးရီးယားသမ္မတနိုင်ငံ သံရုံးကလှူဒါန်းတဲ့ အထောက်အကူ ပစ္စည်းတွေကိုလည်း ပြည်နယ်အဆင့်၊ ဒေသဆိုင်ရာအဆင့် JMC တွေမှာ အဓိကထား အသုံးပြုသွားမှာ ဖြစ်ပြီးတော့ Samsung အမျိုးအစား Tablet (၁၁၀) ကို ဒေသခံ အရပ်သား စောင့်ကြည့်ရေး (LCM) တိုးချဲ့ဖွဲ့စည်းတဲ့အခါမှာ အသုံးပြုသွားမှာ ဖြစ်ပါတယ်။ ပဋိပက္ခဖြစ်ပွားခြင်းမရှိတဲ့ အချို့ဒေသတွေမှာဆိုရင် လျပ်စစ်မီးမရရှိတဲ့အတွက် အဲ့ဒီ ဒေသတွေမှာလဲ လိုအပ်တဲ့ မီးစက်တွေကို လိုအပ်သလို အသုံးပြုသွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။ 

ယနေ့ အခမ်းအနားသို့ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနားအပြီးတွင် သတင်းမီဒီယာများက ကိုရီးယားသမ္မတနိုင်ငံသံအမတ်ကြီး H.E Mr. Lee Sang-hwa အားမြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍  ကိုရီးယားနိုင်ငံကဲ့သို့ ပြင်ပနိုင်ငံများ၏ အမြင်ကို မေးမြန်းခဲ့သည်။
 
ကိုရီးယားသမ္မတနိုင်ငံသံအမတ်ကြီးက “ဖြေရှင်းရမယ့် နည်းလမ်းတွေ၊  လုပ်ဆောင်ရမယ့် လုပ်ဆောင်မှုတွေ သက်သက်စီရှိပါတယ်။ နည်းလမ်းတစ်ခုပဲ သတ်မှတ်ပြီးတော့ အကုန်လုံးကို ပေါင်းစုံပြီးတော့ လုပ်လို့မရဘူး။ သူဟာနဲ့သူ၊ သူ့နေရာနဲ့သူ အဖြေကိုရှာပြီး လုပ်ရမယ်လို့ ကျွန်တော် နားလည်မိပါတယ်။ မြန်မာနိုင်ငံ အနေနဲ့လည်း အချိန်တစ်ခုယူပြီး သည်းခံနိုင်စွမ်းနဲ့စောင့်ဖို့ လိုအပ်တယ်လို့ ခံစားမိပါတယ်။ ကိုရီးယားငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ပုံစံကတော့ မတူပေမယ့် ငြိမ်းချမ်းရေး လိုအပ်တယ်ဆိုတာကတော့ တူညီချက်တစ်ခုလို့ ပြောလို့ရပါတယ်။ ပြီးခဲ့တဲ့လကရခိုင်ပြည်နယ် ငပလီမှာ ကျင်းပခဲ့တဲ့ ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲကို ကိုရီယားလုပ်ငန်းရှင်တွေနဲ့အတူတူ ကျွန်တော် တက်ရောက်ခဲ့ပါတယ်။ အဓိကက ငြိမ်းချမ်းရေးသည် တစ်ခုတည်းသွားလို့မရဘဲ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုလည်း တပြိုင်တည်းသွားမှ မြန်မာနိုင်ငံငြိမ်းချမ်းရေး မြန်မြန်ရမယ်လို့ ကျွန်တော်ထင်တယ်။ အဲ့ဒါကြောင့် ရခိုင်ပြည်စီးပွားရေးဖွံ့ဖြိုးဖို့အတွက် ကျွန်တော်တို့အနေနဲ့လည်း ကဏ္ဍတစ်ခုအနေနဲ့ အားထုတ်နေပါတယ်” ဟုဖြေကြားခဲ့သည်။ 

JMC သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ပါ သဘောတူညီချက် လုပ်ငန်းများအား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ လိုက်နာဆောင်ရွက်မှု ရှိ/မရှိ စောင့်ကြည့်နိုင်ရေးအတွက် ပဋိပက္ခနယ်မြေဒေသများတွင် ဒေသခံ အရပ်သားစောင့်ကြည့်ရေး (LCM) ကို ဖွဲ့စည်းဆောင်ရွက်သွားမည် ဖြစ်သည်။ 

သတင်း…ရဲခေါင်ညွန့် ၊ ဓာတ်ပုံ..ဖိုးထောင်