မြင်းခြံ ၂ မတ်
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ရှိ မြင်းခြံဒဂရီကောလိပ်၏ ပင်မဆောင်ရှေ့တွင် ကျောင်းသား၊ ကျောင်းသူများ၏ တတိယအကြိမ် သင်္ကြန်ကို ယနေ့ နံနက် ၉ နာရီခွဲ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
မြင်းခြံဒဂရီကောလိပ်၏ တတိယအကြိမ် သင်္ကြန်ပွဲကို ကျောင်းအုပ်ကြီး ဒေါက်တာမောင်မောင်က အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသား ၊ ကျောင်းသူများအနေဖြင့် အေးချမ်းပျော်ရွှင်စွာ ရေကစားကြစေလိုကြောင်း၊ တစ်ဦးနှင့်တစ်ဦး ညီရင်းအစ်ကို၊ မောင်ရင်းနှမ စိတ်ဓာတ်ဖြင့် သည်းခံခွင့်လွှတ်စေလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
ထို့နောက် ကျောင်းသူလေးများမှ အကများဖြင့် ဖျော်ဖြေခဲ့ကြရာ ကျောင်းသား ၊ ကျောင်းသူများမှလည်း လိုက်ပါကပြပြီး ပျော်ရွှင်စွာဆင်နွှဲခဲ့ကြသည် ။ ကျောင်းသင်္ကြန်ဖြစ်မြောက်ရေးအဖွဲ့မှ ကိုစည်သူမြတ်မှလည်း မိမိတို့ ယခုလိုပြုလုပ်ပေးခြင်းမှာ မကြာမီ စာမေးပွဲများဖြေဆိုရတော့မည်ဖြစ်ရာ စိတ်ဖိစီးမှုများ လျော့ပါးစေရန်နှင့် ကျောင်းမပိတ်မီ ပျော်ပျော်ရွှင်ရွှင်ဖြစ်စေရန်တို့အတွက် ကျောင်းအုပ်ကြီး၊ ပါမောက္ခမှူးများ၊ ဆရာ၊ ဆရာမများနှင့် တိုင်ပင်ပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ မြင်းခြံဒီဂရီကောလိပ်၏ ကျောင်းသင်္ကြန်တွင် မုန့်လုံးရေပေါ်၊ မုန့်လက်ဆောင်းများကို စတုဒိသာကျွေးခြင်း၊ အမှတ်တရစတစ်ကာများဖြင့် ဓာတ်ပုံရိုက်ခြင်း၊ ဖျော်ဖြေရေးအဖွဲ့အဖြစ် ယိမ်းအကများ (၉) ဖွဲ့ဖြင့် ကပြဖျော်ဖြေခြင်း၊ DJ များဖြင့် ဖျော်ဖြေခြင်းတို့ကြောင့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ရေကစားလျှက်ရှိကြောင်း သိရှိရသည်။
ဇော်မင်းနိုင်


