ဖားကန့် ၁ စက်တင်ဘာ
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဖားပြင်ကျေးရွာ ဥရုချောင်းကူး စက်လှေကူးတို့ဆိပ်၌ ဩဂုတ် ၃၀ ရက် ည ၁၀ နာရီခန့်က ဆိပ်မူ(ဘဇံချောက်)ဘက်မှ ဖားပြင်ကျေးရွာသို့ စက်လှေဖြင့်ကူးလာသည့် လင့်ခရူဇာ အနက်ရောင်ကားတစ်စီးသည် ဖားပြင်ဘက်ကမ်းသို့ မရောက်မီ ၁၀ ပေခန့်အလိုတွင် ဥရုချောင်းအတွင်း ပြုတ်ကျမှုဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်တွင် အမျိုးသမီးတစ်ဦး နစ်မြုပ်ပျောက်ဆုံးလျက်ရှိကြောင်း သတင်းအရ ရှာဖွေမှုများဆောင်ရွက်နေကြောင်း ဖားကန့်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ထွေးထံမှ သိရသည်။
"ကားတစ်စီးပြုတ်ကျသွားတာ ဟုတ်ပါတယ်၊ အဲ့ဒီမှာ အမျိုးသမီးတစ်ဦး နစ်မြုပ်သွားတယ်လို့ သတင်းတွေအရ ရုချောင်းအတွင်း ရှာဖွေမှုတွေလုပ်နေပါတယ်၊ ရုပ်အလောင်းတွေ့ရရင်တော့ သေမှုသေခင်းဖွင့်မှာပါ၊ ခုထိတော့ တိုင်တန်းတာလည်းမရှိတော့ ကျွန်တော်တို့ အမှုဖွင့်လို့ မရပါဘူး" ဟု မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ထွေးက ပြောသည်။
လင့်ခရူဇာကားအတွင်း အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦးတို့ စီးနင်းလိုက်ပါလာကြောင်း စက်လှေကူးတို့ဆိပ်မှ အချိန်ပိုင်း တာဝန်ခံ ကိုစိုင်းအောင်လှိုင်က အဆိုပါညက ဖားပြင်ကျေးရွာ တာဝန်ခံရုံးတွင် ပြောပြချက်အရ သိရသည်။
ချောင်းအတွင်း ပျောက်ဆုံးနေသူမှာ မဆိုင်းပန်(၂၈)နှစ်၊ လုံးခင်းကျေးရွာအုပ်စု၊ ဆိုင်းရာရွာသစ်ကျေးရွာ နေထိုင်သူဖြစ်ပြီး သူမပျောက်ဆုံးကြောင်းကို ညီမတစ်ဝမ်းကွဲတော်စပ်သူ မဂျာဆိုင်းအောင်က ဖားပြင်ကျေးရွာ တာဝန်ခံရုံးတွင် လူပျောက်တိုင်ကြားထားကြောင်း သိရသည်။
ဥရုချောင်းအတွင်း ပျောက်ဆုံးနေသူ၏ ညီမဖြစ်သူ မဂျာဆိုင်းအောင်က "ကျွန်မ ခု တာမခံ စက်လှေဂိတ်နား ရောက်နေတာ၊ သူ့အလောင်းရှာနေတာ၊ ပျောက်နေတာ နှစ်ရက်ရှိပြီပေါ့၊ ဒီနေ့မနက် ၁၀ နာရီလောက်ထဲက စရှာနေတာ၊ ခုထိတော့မတွေ့သေးဘူး"ဟု ပြောပြသည်။
လက်ရှိတွင် ပျောက်ဆုံးသူအား မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များက စက်လှေများဖြင့် ကူညီရှာဖွေပေးလျက်ရှိနေသည်။
တာလင်းမောင်(ပြန်/ဆက်)


