နေပြည်တော် နိုဝင်ဘာ ၁၁

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးနှင့် ခရိုင်အဆင့် တာဝန်ရှိသူများကို တွေ့ဆုံ၍ ဖျာပုံမြို့နယ်အတွင်း နွေစပါး စိုက်ပျိုးရာသီကာလတွင် ရေချို ဆုံးရှုံးမှု မရှိစေရေးနှင့် မိုးရာသီကာလ ဒီရေတက်ချိန်တွင် ရေငန်ဝင်ရောက်မှုမှ ကာကွယ်နိုင်ရေးဆိုင်ရာ လုပ်ငန်းရပ်များကို ဆွေးနွေးသည်။

 

ထိုသို့တွေ့ဆုံစဉ် တာဝန်ရှိသူများက ဖျာပုံမြို့နယ်ရှိ ကြက်ဖ မွေးဇောင်းကျွန်းပတ်တာအတွင်း ဆားငန်ရေဝင်ရောက်သည့် ဧရိယာများ ရေချိုရရှိနိုင်မှု အခြေအနေ၊ နှစ်စဉ်ဧက ၆၀၀၀ ခန့် အများဆုံး စိုက်ပျိုးနိုင်ရာမှ ယခုလာမည့်နှစ်အတွင်း ဧက ၁၉၀၀၀ ခန့်အထိ တိုးတက်စိုက်ပျိုးနိုင်ရန် ဆောင်ရွက်ထားရှိမှု၊ စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေဧက ၄၀ ဖော်ထုတ် ပြီးစီးခဲ့မှုနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း နွေသီးထပ်တိုးတက် စိုက်ပျိုးနိုင်ရေး အခြေအနေများကို ရှင်းလင်း တင်ပြကြရာ ဒုတိယဝန်ကြီးက ကျွန်းပတ်တာ လုပ်ငန်းများ အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ် ဒီဇိုင်းပုံစံများအတိုင်း စနစ်တကျ ဆောင်ရွက်ရန်၊ နွေသီးထပ်ကို ရာသီအမီလျာထား ဧကပြည့် စိုက်ပျိုးပြီးစီးနိုင်ရေး ဆွေးနွေးမှာကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် ဖျာပုံမြို့နယ် သပြေကန်-သိမ်ကုန်း ဧရိယာ အေးသာယာကျေးရွာ အုပ်စုအတွင်း တူးဖော်ဆောင်ရွက်မည့် အေးသာယာ(၂) မြောင်းနေရာကို ကြည့်ရှုစစ်ဆေးပြီး ရေချို ဝင်ရောက်သည့် ရေအမြင့်(RL)၊ တူးဖော်ရန်လိုအပ်သည့် မြောင်းကြမ်းပြင် အနက်(RL) တို့ကို ချိတ်ဆက်မိစေရန်၊ သတ်မှတ်ရေစီး နှုန်းပမာဏရရှိစေရေး အလေးထား ဆောင်ရွက်ရန်၊ ရေချို ပိုမိုရရှိလာနိုင်မှုအရ သီးနှံစိုက်ဧရိယာတိုးတက်ရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားသည်။

 

ယင်းနောက် ကြက်ဖမွေးဇောင်း ကျွန်းပတ်တာသို့ ရေချိုပေးဝေလျက်ရှိသည့် နောင်တော်ကြီး-သိန္နီမြောင်းပေါ်တွင် တည်ဆောက်ထားသော သကံရေတံခါးပြုပြင် ဆောင်ရွက်နေမှု ၆ ပေ x ၆ ပေ ရေတံခါးခြောက်ချပ် ပြန်လည်ပြုပြင်မည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဖျာပုံမြို့နယ် နောင်တော်ကြီး ကျေးရွာအနီး နောင်တော်ကြီး ဆိုလာရေတင်စီမံကိန်း ဆောင်ရွက်မည့်နေရာကို ကြည့်ရှုစစ်ဆေးပြီး ယခုစီမံကိန်း အောင်မြင်မှုအပေါ် အခြေခံပြီး ဆိုလာစနစ်ဖြင့် ရေတင်ခြင်းလုပ်ငန်းများ တိုးချဲ့ဆောင် ရွက်နိုင်ရေးတို့ကို မှာကြားသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးသည် ဒေသခံတောင်သူများအား တွေ့ဆုံ၍ အထွက်နှုန်းတိုးတက် ရရှိရေးနှင့် မျိုးစပါးဧကတိုးချဲ့ စိုက်ပျိုးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ် ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။

 

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် မအူပင်မြို့နယ် မင်းဘော ကျေးရွာအနီး မင်းဘော ဆိုလာရေတင် ဆောင်ရွက်ထားရှိမှုနှင့် ထပ်မံတိုးချဲ့ ဆောင်ရွက်ရန် လျာထားနေရာကို လည်းကောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး တက္ကသိုလ်(မအူပင်) ဖွင့်လှစ်နိုင်ရေး လုပ်ငန်းများ ကြိုတင်ဆောင်ရွက်နေမှု အခြေအနေများ၊ တက္ကသိုလ်ဝင်းအတွင်း ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်