၅ ဇန်နဝါရီ
ရုရှားသမ္မတ ပူတင်က ၎င်းအဆိုပြုထားသည့် ဖွဲ့စည်းပုံအခြေခံဉပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို သုံးလအတွင်း အပြီးသတ် ပြင်ဆင်နိုင်ဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။
ပြီးခဲ့သည့်လက ပူတင်သည် နိုင်ငံတော် အခြေပြမိန့်ခွန်းတွင် ဖွဲ့စည်းပုံအခြေခံဉပဒေကို ပြောင်းလဲရန် စီစဉ်နေကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
အဆိုပါ ပြောင်းလဲမှုက တိုင်းပြည်၏ အာဏာ တည်ဆောက်မှုကို ပြောင်းလဲနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ရုရှားပါလီမန်နှင့် လုပ်ငန်းဆောင်ရွက်ရေးအဖွဲ့တို့က အဆိုပါ ဥပဒေမူကြမ်းကို ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။
အရာအားလုံး အဆင်ပြေသွားသည့်တိုင် ပြုပြင်ပြောင်းလဲရေး အတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်သဖြင့် သုံးလကျော်မှ ပြီးစီးမည်ဖြစ်ကြောင်း ပူတင်က ယမန်နေ့က ပြောကြားခဲ့သည်။
အဆိုပါ ဖွဲ့စည်းပုံအခြေခံဉပဒေကို ဧပြီလနှောင်းပိုင်း သို့မဟုတ် မေလအစောပိုင်းတွင် ပြင်ဆင်နိုင်မည်ဟု မျှော်လင့်ရကြောင်း ၎င်းက ပြောကြားခဲ့သည်။
အပြောင်းအလဲများအတွက် ဟုတ်တယ် သို့မဟုတ် မဟုတ်ဘူးကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆန္ဒမဲပေးရန် အများပြည်သူများကို အခွင့်အရေးပေးခြင်းဖြစ်ကြောင်း ပူတင်က ထပ်မံပြောကြားခဲ့သည်။
မေလ ၉ ရက်နေ့တွင် ဒုတိယကမ္ဘာစစ်အတွင်းက နာဇီဂျာမဏီတို့ကို အနိုင်ရရှိသည့် ၇၅ နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ကမ္ဘာ့ခေါင်းဆောင်များ၏ ရှေ့မှောက်တွင် စစ်ရေးချီတက်ပွဲ အခမ်းအနားနှင့်အတူ ရုရှားနိုင်ငံ၌ ကျင်းပမည်ဖြစ်သည်။
ရုရှားနိုင်ငံ၏ မျိုးချစ်စိတ်အမြင့်ဆုံးဖြစ်မည့် အခမ်းအနားအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ပြီးဆုံးသွားခြင်းအားဖြင့် ၎င်း၏ အစိုးရအား ပြည်သူလူထု၏ ထောက်ခံမှုကိုခိုင်မာစေရန် ပူတင်က ရည်ရွယ်ခြင်းဖြစ်သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်


