ဂန့်ဂေါ ၅ မေ
ပြောင်းဖူး၊ စပါးနှင့် ဟင်းသီးဟင်းရွက်အပါအဝင် သီးနှံအမျိုးပေါင်း ၈၀ ကျော်တွင် ကျရောက်ဖျက်ဆီးတတ်သော 'ဖော' ငမြှောင်တောင် သီးနှံဖျက်ပိုးကျရောက်မှုကို ထိရောက်စွာ ကြိုတင်ကာကွယ် နှိမ်နင်းနိုင်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲကို ဂန့်ဂေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ယမန်နေ့ နေ့လယ်ပိုင်းတွင် ဇာဟောကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်သည်။
ပညာပေးဟောပြောပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးမြင့်ဇော်က 'ဖော' ငမြှောင်တောင် သီးနှံဖျက်ပိုး၏ ရုပ်သွင်ပြင်၊ ဘဝစက်ဝန်း၊ သီးနှံများပေါ်တွင် နေထိုင်စားသောက် ဖျက်ဆီးပုံ၊ အလေ့အထများ၊ 'ဖော' ငမြှောင်တောင်ဖျက်ပိုး ကျရောက်မှုအခြေအနေကို ကင်းထောက်စစ်ဆေးရန် နည်းလမ်းများနှင့် သဘာဝပိုးသတ်ဆေးများ ဖော်စပ်အသုံးပြုပုံတို့ကို လည်းကောင်း၊ ဒုတိယဦးစီးမှူး ဦးဝင်းမြင့်အောင်က ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းရေး နည်းလမ်းများဖြင့် 'ဖော' ငမြှောင်တောင်အပါအဝင် သီးနှံဖျက်ပိုးမွှားများကို ထိရောက်စွာ ကာကွယ်နှိမ်နင်းနည်းများကို လည်းကောင်း ပညာပေးဟောပြော ဆွေးနွေးကြပြီး 'ဖော' ငမြှောင်တောင်ပိုးအကြောင်း သိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးကြသည်။
ဂန့်ဂေါမြို့နယ်၊ ဇာဟောကျေးရွာသည် ဇာဟောချောင်းဘေးတွင် တည်ရှိပြီး မိုးကောင်းသောက်အဖြစ် လည်းကောင်း၊ ချောင်းရေနှင့် မြေအောက်ရေတို့ကို ရေစုပ်စက်ဖြင့် ရေတင်၍လည်းကောင်း စပါး၊ ပြောင်း၊ ပဲမျိုးစုံနှင့် နှမ်း၊ မြေပဲ စသည့် ဆီထွက်သီးနှံများအပြင် ခရမ်း၊ ခရမ်းချဉ်၊ ငရုတ်၊ မုံညင်း၊ မုံလာ၊ ပန်းဂေါ်ဖီ စသည့် ဟင်းသီးဟင်းရွက်များ၊ ဖရဲ၊ သခွါး၊ နဂါးမောက် စသည့် သစ်သီးဝလံများနှင့် နှင်းဆီ၊ ဂန္ဓမာ စသည့် ပန်းမျိုးစုံတို့ကို စိုက်ပျိုးကြသည်။
စိုက်ပျိုးမြေဧက ၁၈၀ဝ ကျော်တွင် အသားတင်နှင့် သီးထပ်သီးညှပ်များအဖြစ် စုစုပေါင်းသီးနှံစုံ ဧက ၄၀ဝ၀ ကျော်ခန့် စိုက်ပျိုးလျက်ရှိသော ကျေးရွာဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


