အစ္စလာမ္မာဘတ် ဇူလိုင် ၂၄
ပါကစ္စတန်နိုင်ငံတစ်ဝန်း ဇွန် ၂၆ ရက်မှစတင်သည့် မုတ်သုံမိုး သည်းထန်စွာ ရွာသွန်းမှုကြောင့် လူ ၂၅၆ ဦး သေဆုံးပြီး ၆၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပါကစ္စတန် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲ ရေး အာဏာပိုင်အဖွဲ့က ဇူလိုင် ၂၄ ရက်တွင် ထုတ်ပြန်သည်။
ပြီးခဲ့သည့် ၂၄ နာရီအတွင်း လေးဦးထပ်မံသေဆုံးပြီး အခြား ငါးဦးထိခိုက်ခဲ့ကြောင်း သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့က ဆိုသည်။ သေဆုံးသူများအနက် ကလေး ၁၂၃ ဦး၊ အမျိုးသား ၈၇ ဦး၊ အမျိုးသမီး ၄၆ ဦး ရှိကြောင်း၊ ဒဏ်ရာရရှိသူများတွင် အမျိုးသား ၂၄၃ ဦး၊ ကလေး ၂၀၃ ဦး၊ အမျိုး သမီး ၁၇၀ ပါဝင်ကြောင်း အဆိုပါ အဖွဲ့က ထုတ်ပြန်ထားသည်။
အရှေ့ပိုင်းပြည်နယ် ပန်ဂျပ်တွင် သေဆုံးသူ ၁၃၉ ဦးနှင့် ထိခိုက် ဒဏ်ရာရရှိသူ ၄၇၇ ဦးရှိပြီး အနောက်မြောက်ပိုင်း ခိုင်ဘာ ပတ်တွန်ခွာပြည်နယ်တွင် ၆၃ ဦး သေဆုံးကာ ၇၉ ဦး ထိခိုက်ဒဏ်ရာ များ ရရှိခဲ့သည်။
အလားတူ မြို့တော် အစ္စလာမ္မာဘတ် အနီးတစ်ဝိုက်တွင် သေဆုံးသူ ခြောက်ဦးနှင့် သုံးဦး ထိခိုက်မှုရှိခဲ့သည်။ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့၏ အဆိုအရ ဇွန် ၂၆ ရက် မိုးရာသီစတင်ချိန်မှစကာ နေအိမ် ၁၀၂၇ လုံးထိခိုက်ပျက်စီးခဲ့ပြီး ကျွဲနွား ၃၆၄ ကောင် သေဆုံး ခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ပန်ဂျပ်ပြည်နယ်တွင် ဇူလိုင် ၂၅ ရက် ညပိုင်းအထိ မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနိုင် သဖြင့် ဒေသအစိုးရအဖွဲ့ဌာနဆိုင်ရာများက အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက် လုပ်ဆောင်နေကြောင်း ထုတ်ပြန်ထားသည်။
ဆင်ဟွာ


