ဇူလိုင် ၂၂
ပါကစ္စတန်နိုင်ငံတစ်ဝန်းတွင် ဇွန်လနောက်ပိုင်း မုတ်သုံမိုးများအဆက်မပြတ် ရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားသဖြင့် လူပေါင်း ၂၂၁ ဦးထက်မနည်း သေဆုံးကာ ၅၉၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အမျိုးသားဘေးအန္တရာယ် စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့ (အင်န်ဒီအမ်အေ)က ပြောကြားသည်။
မိုးရွာသွန်းမှုနှင့် ဆက်စပ်သော ဖြစ်ရပ်များကြောင့် လွန်ခဲ့သော ၂၄ နာရီအတွင်း ငါးဦး ထပ်မံသေဆုံးကာ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဇွန်လ ၂၆ ရက်မှဇူလိုင်လ ၂၁ ရက်အတွင်း ထိခိုက်ဒဏ်ရာရသေဆုံးမှုစံချိန်တင်ခဲ့ကြောင်း အင်န်ဒီအမ်အေက ပြောသည်။
အရှေ့ပိုင်းပန်ဂျပ်ပြည်နယ်တွင် ၁၃၅ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၄၇၀ ရှိရာ ထိခိုက်မှုအဆိုးရွားဆုံးဖြစ်သည်။
အနောက်မြောက်ပိုင်း ခီဘာပတ်ထွန်ခွာ ပြည်နယ်၌ ၄၆ ဦးသေဆုံးပြီး အခြား ၆၉ ဦး ထိခိုက်ဒဏ်ရာရရှိသည်။
နိုင်ငံတောင်ပိုင်း ဆင်းဒ်ပြည်နယ်၌ ၂၂ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၄၀ ရှိကြောင်းနှင့် နိုင်ငံအနောက်တောင်ပိုင်း ဘာလိုချီစတန်ပြည်နယ်၌ ၁၆ ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရရှိကြောင်း သိရသည်။
မြောက်ပိုင်းရှိ ဂီလ်ဂစ်ဘာလ်တစ်တန်ဒေသတွင် သေဆုံးမှုမရှိသော်လည်း သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ပါကစ္စတန်ထိန်းချုပ်ရာ ကက်စ်ရှမားဒေသတွင် တစ်ဦးသေဆုံး၊ ခြောက်ဦးဒဏ်ရာရရှိပြီး အစ္စလာမာဘတ်မြို့တွင် ကလေးငယ်တစ်ဦး ဒဏ်ရာရရှိခဲ့သည်။
အာဏာပိုင်များက မိုးဆက်လက်ရွာသွန်းလျက်ရှိသောဒေသများကိုစောင့်ကြည့်ရန်နှင့် ကယ်ဆယ်ရေး လုပ်ငန်းများကိုဆောင်ရွက်ရန် ပြည်နယ်အစိုးရအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး ရေကြီးမှုဆိုင်ရာ သတိပေးချက်များ ထုတ်ပြန်ထားသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


