ဩဂုတ် ၅
ပါကစ္စတန်နိုင်ငံတစ်ဝန်းတွင် ဇွန် ၂၆ ရက်နောက်ပိုင်း မိုးနှင့်ဆက်စပ်သည့်မတော်တဆမှုများ ဖြစ်ပွားမှုကြောင့် ၃၀၂ ဦး ထက်မနည်းသေဆုံးခဲ့ပြီး အခြား ၇၂၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲ့ရေးအာဏာပိုင်အဖွဲ့ အင်န်ဒီအမ်အေက ယမန်နေ့ကပြောကြားသည်။
နိုင်ငံအတွင်းနေရာအနှံ့အပြားတွင် မုတ်သုံမိုးများအဆက်မပြတ်ရွာသွားမှုကြောင့် လွန်ခဲ့သော ၂၄ နာရီအတွင်း နှစ်ဦးသေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အင်န်ဒီအမ်အေ၏ နောက်ဆုံးဖော်ပြချက်အရ သိရသည်။
နိုင်ငံအရှေ့ပိုင်းပန်ဂျပ်ပြည်နယ်သည် ထိခိုက်မှုအဆိုးရွားဆုံးဒေသဖြစ်ကာ ၁၆၃ ဦး သေဆုံးပြီး ၅၇၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အနောက်မြောက်ပိုင်း ခီဘာပတ်ထွန်ခွာပြည်နယ်တွင် ၇၁ ဦး သေဆုံးပြီး အခြား ၈၆ ဦး ဒဏ်ရာရရှိခဲ့သည်။
အာဏာပိုင်များက နိုင်ငံအထက်ပိုင်းနှင့် အလယ်ပိုင်းဒေသတွင် ဩဂုတ်လ ၅ ရက်မှ ၁၀ ရက်အတွင်း မုတ်သုံမိုးသည်းထန်စွာရွာသွန်းမှုနှင့်ပတ်သက်ပြီး သတိပေးပြောကြားထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


