ရန်ကုန် ၇ မတ် 

 

Sao Mon လူမှုဖွံ့ဖြိုးရေးအသင်းမှ စီမံကိန်းညှိနှိုင်းရေးမှူး ဒေါက်တာထွေးကြူ  ရေးသားပြုစုသည့် ပြင်ဆင်လိုက်သော မူးယစ်ဆေးဝါးဥပဒေနှင့် အမျိုးသား မူးယစ်ဆေးဝါးမူဝါဒကို ယှဉ်တွဲသုံးသပ်ထားသည့် အစီရင်ခံစာမိတ်ဆက်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် Summit Parkview Hotel တွင် ပြုလုပ်သည်။

 

အစီရင်ခံစာနှင့်စပ်လျဉ်းပြီး Sao Mon လူမှုဖွံ့ဖြိုးရေးအသင်းမှ စီမံကိန်းညှိနှိုင်းရေးမှူး ဒေါက်တာထွေးကြူက “မနှစ်က မူးယစ်ဆေးဝါးဥပဒေကို ပြင်ဆင်ချက်ထွက်တယ်။ ဖေဖော်ဝါရီမှာ မူဝါဒထွက်တယ်။ မူဝါဒကတော့ နိုင်ငံတကာ သတ်မှတ်ချက်တွေ၊ အကြံပြုချက်တွေ၊ ကုလသမဂ္ဂ နောက်ဆုံးအကြံပြုချက်တွေနဲ့ ကိုက်တာပေါ့။ ဥပဒေကတော့ အဟောင်းပေါ်မှာ ပြင်ထားတဲ့အတွက် အပြစ်ပေးအရေးယူမှုတွေက ပြင်းထန်နေတာရှိတယ်၊ တစ်ဖက်က မူဝါဒကို အကောင်အထည်ဖော်မယ်။ အဲဒီအချိန်ကျရင် ဒီဖက်ကဥပဒေက ဘယ်လောက်တင်းကြပ်နေသလဲ၊ အဲဒါဆိုဒီဥပဒေကနေ မူဝါဒကို အကောင်အထည်ဖော်ရင် ဘယ်လိုအဟန့်အတားတွေ ရှိနိုင်မလဲ သုံးသပ်ထားတာပါ’’ ဟုပြောသည်။

 

ထပ်မံ၍ ၎င်းက "မူးယစ်ဆေးဝါးကို ကိုင်တွယ်တဲ့နေရာမှာ နိုင်ငံတော်အပိုင်းက ဦးစားပေးအနေနဲ့ ကိုင်တွယ်တာတော့ ကောင်းပါတယ်။ ဒါပေမယ့် အရေးယူမှုတွေလုပ်ရင် တည်ဆဲဥပဒေက ပြင်းထန်နေတဲ့ အပိုင်းတွေရှိတော့ ဖမ်းဆီးမှုတွေမှာ ပြစ်မှုနဲ့ ပြစ်ဒဏ်မမျှတာတွေ ရှိနေတယ်။ အကြံပြုချက်တွေတော့ ဒီစာအုပ်ထဲမှာ ထည့်ထားပါတယ်။ မူးယစ်ဆေးဝါးမူဝါဒ၊ ဥပဒေပိုင်းလူတွေ နားလည်ဖို့ပြဿနာကို ဖြေရှင်းတဲ့အပိုင်းမှာ အားလုံးမှာသူ့အပိုင်းနဲ့သူ တာဝန်ရှိတယ်ဆိုတာ သဘောပေါက်ဖို့ လိုအပ်တယ်ဆိုတာ အရေးပါတယ်” ဟုပြောသည်။ 

 

နိုင်ငံတော်အနေဖြင့် အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်က အတည်ပြုထုတ်ပြန်ခဲ့ပြီး ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကိုလည်း ၂၀၁၈ ဖေဖော်ဝါရီ ၁၄ ရက်က အတည်ပြု ထုတ်ပြန်ခဲ့ကြောင်း ယနေ့အခမ်းအနားမှ သိရသည်။ 

 

မူးယစ်ဆေးဝါးဥပဒေကို ပြင်ဆင်လိုက်သည့်အတွက် ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါး ဥပဒေ၏ ပုဒ်မ ၁၅ အရ ဆေးသုံးသူများကို အပြစ်ပေးအရေးယူခြင်းမှ ပယ်ဖျက်လိုက်သော်လည်း ပြစ်ဒဏ်များမှာ ပြင်းထန်နေဆဲရှိသည်ကို တွေ့ရကြောင်း ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးဥပဒေသည် ပြင်းထန်သော အပြစ်ပေးမှုများအတွက် ဝေဖန်ခံရသောဥပဒေဖြစ်ပြီး ၂၀၁၈ ခုနှစ် ပြင်ဆင်လိုက်သောကာလအထိ ၂၅ နှစ်တာကာလအတွင်း မူးယစ်ဆေးဝါးပြဿနာများကို ထိန်းချုပ်ရန် အားနည်းခဲ့သော ဥပဒေဖြစ်ကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

 

Sao Mon လူမှုဖွံ့ဖြိုးရေးအသင်း ဒုတိယဥက္ကဋ္ဌ ဦးသန်းစိုးရဲမှူးကြီး(ငြိမ်း)က “မူးယစ်ဆေးဝါးဆိုတာ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး၊ ထုတ်လုပ်မှုလျှော့ချရေး၊ သုံးစွဲမှုလျှော့ချရေး ကဏ္ဍကြီး သုံးရပ်မှာ ဥပမာရဲတွေမဖမ်းနိုင်လို့၊ လက်ကြီးသမားတွေ မမိလို့၊ ထုတ်တဲ့လူတွေ မဖမ်းနိုင်လို့ မူးယစ်ဆေးဝါးတွေ ပေါနေတဲ့အတွက် သုံးတဲ့သူက များနေတယ်လို့ ပြောလို့မရဘူး။ သူ့ရဲ့မဟာဗျူဟာမှာက Approach ချည်းကပ်တဲ့ နေရာမှာ တစ်ပြိုင်နက်တည်း Balance Approach ဆိုတာရှိတယ်၊ သုံးတဲ့လူလည်း မသုံးအောင်၊ ထုတ်တဲ့လူလည်း မထုတ်အောင်၊  တားတဲ့လူကလည်း တားဆီးနိုင်အောင် အဲဒီလို သုံးဦးသုံးဖက်ဝင်ပြီးတော့ ပူးပေါင်းဆောင်ရွက်မှ ရတာ၊ သုံးတဲ့လူကလည်း ကိုယ်မသုံးအောင်ကြိုးစား၊ မူးယစ်ဆေးဝါးကို မသုံးအောင် အားလုံးမှာ တာဝန်ရှိတယ်၊ ပတ်ဝန်းကျင်ကလည်း သုံးတဲ့လူကိုမသုံးအောင် ဝိုင်းဝန်းကူညီပြီး တားပေးဖို့ အစိုးရ၊ ပြည်သူလူထု၊ အဖွဲ့အစည်းတွေလိုတယ်" ဟုပြောသည်။ 


အဆိုပါ အစီရင်ခံစာကို မူးယစ်ဆေးဝါးမူဝါဒနှင့် မူးယစ်ဆေးဝါး ဥပဒေတို့ကို နှိုင်းယှဉ်လေ့လာပြီး ရေးသားခဲ့ခြင်းဖြစ်ကြောင်း ယနေ့အခမ်းအနားမှ သိရသည်။

 

(သတင်း-မင်းသစ်၊ သန့်ဇင်ဝင်း/ဓာတ်ပုံ- ဇော်မင်းလတ်)