နေပြည်တော် ၂၆  ဧပြီ

 

နိုင်ငံတော်အစိုးရသည် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ပင်စင်လစာမှစတင်၍ တိုးမြှင့်ခံစားခွင့်ပြုခဲ့ပြီးဖြစ်ရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာနအနေဖြင့် ပင်စင်စား တစ်ဦးချင်းစီအတွက် တိုးမြှင့်ပင်စင် ငွေပေးမိန့်များ စိစစ်တွက်ချက် ထုတ်ပြန်၍ မြန်မာ့စီးပွားရေးဘဏ်ခွဲ အသီးသီးသို့ နေ့စဉ်ပေးပို့လျက်ရှိပြီး အငြိမ်းစားဝန်ထမ်းများ၏ တိုးမြှင့်ပင်စင်လစာများဆောလျင်စွာ ခံစားရရှိနိုင်စေရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။

           

နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအနက် ကာကွယ်ရေးဝန်ကြီးဌာန (တပ်မတော်သား) အငြိမ်းစားများအတွက် ကာကွယ်ရေးဝန်ကြီးဌာန၊ ငွေစာရင်းရုံးများမှ လည်းကောင်း၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများနှင့် စည်ပင်သာယာရေး အဖွဲ့အစည်းများမှ အငြိမ်းစားများအတွက် ၎င်းတို့သက်ဆိုင်ရာ လုပ်ငန်း၊ အဖွဲ့အစည်း များမှလည်းကောင်းတိုးမြှင့်ပင်စင်များ တွက်ချက်ဆောင်ရွက် ပေးလျက်ရှိသည်။

           

ပင်စင်ဦးစီးဌာနက တာဝန်ယူဆောင်ရွက်ပေးလျက်ရှိသည့် မြို့ပြပင်စင်စားများနှင့် နိုင်ငံရေးပင်စင်စားများအတွက်  ဧပြီ ၂၃ ရက်အထိ တိုးမြှင့်ပင်စင် ငွေပေးမိန့်ထုတ်ပြန်ပြီးစီးသည့် ဦးရေမှာ မြို့ပြပင်စင်စား ၃၆၂၇၉၅ ဦး၊ နိုင်ငံရေး ပင်စင်စား ၅၀၆၁၄ ဦးဖြစ်သည်။

           

ထို့အပြင် ဧပြီ ၁၉ ရက်အထိ မြန်မာ့စီးပွားရေးဘဏ်ခွဲအသီးသီးသို့ ရောက်ရှိပြီးတိုးမြှင့်ပင်စင် ငွေပေးမိန့်ဦးရေမှာ မြို့ပြပင်စင်စား ၃၅၁၀ဝ၉ ဦး၊ နိုင်ငံရေးပင်စင်စား၅၃၅၉၄ ဦးဖြစ်ပြီးလာရောက် ထုတ်ယူပြီးသည့် ပင်စင်စား ဦးရေမှာ မြို့ပြပင်စင်စား ၂၃၃၉၁၅ ဦး၊ နိုင်ငံရေးပင်စင်စား ၃၅၆၄၆ ဦးသာ ဖြစ်သည်။

           

မိဘပြည်သူပင်စင်စားကြီးများအနေဖြင့် မိမိတို့ပင်စင်ထုတ်ယူရာ မြန်မာ့စီးပွားရေးဘဏ်ခွဲများသို့ ဆက်သွယ်၍ တိုးမြှင့်ပင်စင်လစာများ ထုတ်ယူနိုင်ပါရန်နှင့် တိုးမြှင့်ပင်စင်ငွေပေးမိန့်များ မရောက်ရှိပါက ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်အကြောင်းကြားပေးပါရန် ပင်စင်ဦးစီးဌာနမှ မေတ္တာရပ်ခံကြောင်း သိရသည်။

 

(သတင်းစဉ်)

 

ပင်စင်ဦးစီးဌာန(ရုံးချုပ်)နေပြည်တော်

 

           (က)      Hot Line

                       ဝ၆၇ ၃၄၁၀ ၃၇၃

                       ဝ၉ ၄၄ ၂၁၄ ၅၉ ၁၃

            (ခ)       ဦးခင်မောင်ထွန်း

                        ဒုတိယညွှန်ကြားရေးမှူး(ပင်စင်လုပ်ငန်းဌာနခွဲ)

                        ဝ၉ ၄၂၃၆ ၇၈၀၅၆

            (ဂ)       ဒေါ်သန္တာစိုး

                        ဒုတိယညွှန်ကြားရေးမှူး(ကြီးကြပ် -၁ဌာနခွဲ)

                        ဝ၉ ၄၀ဝ၀ ၂၆၀၈၅

            (ဃ)     ဦးမိုးကြည်

                        ဒုတိယညွှန်ကြားရေးမှူး(ကြီးကြပ် - ၂ဌာနခွဲ)

                        ဝ၉ ၄၂၀ ၇၀ ၃၈၇၇

            (င)       ဒုတိယညွှန်ကြားရေးမှူးချုပ်

                        ဝ၆၇ ၃၄၁၀၄၄၅

 

1