ပင်လည်ဘူး  ၄ မတ်

 

စစ်ကိုင်းတိုင်းဒေသကြီး  ကသာခရိုင်  ပင်လည်ဘူးမြို့၌ ကျေးလက်နေပြည်သူများ စီးပွားရေးအလုပ်အကိုင် အခွင့်အလမ်းများရရှိပြီး တစ်နိုင်တစ်ပိုင် မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် မိသားစုအပိုဝင်ငွေများ ရရှိစေရန်နှင့် အသားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မန္တံကျေးရွာအုပ်စု ပင်းသာကြီးကျေးရွာတွင် မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တတိယအကြိမ် မြစိမ်းရောင် (အသားကဏ္ဍ) စီမံကိန်း ကျေးရွာရန်ပုံငွေများ ပေးအပ်ပွဲကို မတ် ၃ ရက် နံနက် ၁၀ နာရီတွင် အဆိုပါကျေးရွာ အခြေခံပညာ မူလတန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

 

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင် မြို့နယ်စီမံကိန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းလွင်ဦးက အမှာစကားပြောကြားပြီး မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာ အောင်နိုင်ထွန်း၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးစီးမှူး ဦးသက်ထွန်းဇော်၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ခက်ခက်ဝေ၊ မြို့နယ် NLD ပါတီရုံးမှ အတွင်းရေးမှူး ဦးသိန်းဇော်တို့က မြစိမ်းရောင် (အသားကဏ္ဍ) ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားပြီး ကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

 

အဆိုပါ  မြစိမ်းရောင်(အသားကဏ္ဍ) စီမံကိန်း ကျေးရွာရန်ပုံငွေကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ကစပြီး စီမံကိန်းရန်ပုံငွေကျပ်သိန်း (၃၀ဝ)ဖြင့် မတည်၍ လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာ အရင်းမပျောက် လည်ပတ်ရန်ပုံငွေ အတိုး ကျပ် (၁၁၉) သိန်း ရရှိပြီဖြစ်ကြောင်း၊ ယခု တတိယအကြိမ်အဖြစ် မြစိမ်းရောင် (အသားကဏ္ဍ) စီမံကိန်းကျေးရွာ ရန်ပုံငွေ ကျပ်သိန်း (၃၀ဝ) နှင့် စီမံကိန်းကျေးရွာ ရန်ပုံငွေ အတိုး ကျပ် (၁၁၉)သိန်း စုစုပေါင်း ကျပ် (၄၁၉)သိန်းအား မြစိမ်းရောင် (အသားကဏ္ဍ) စီမံကိန်း ကျေးရွာကော်မတီများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

 

မျိုးလွင်(ပင်လည်ဘူး)