ပွင့်ဖြူ  ၃ မတ်

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့တွင်းရှိ ရေနုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရန်နှင့် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသပ်ရပ်မှုရှိစေရန် ရည်ရွယ်၍ ယခု ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ် ဌာန၏ ခွင့်ပြုရန်ပုံငွေဖြင့် ပွင့်ဖြူမြို့ ဗိုလ်ချုပ်လမ်းတွင် ဖေဖော်ဝါရီ ၂၀ ရက်က စတင်ပြီး အုတ်ရေနုတ်မြောင်း တူးဖော်ခြင်းများ ပြုလုပ်ဆောင်ရွက်နေကြောင်း ပွင့်ဖြူမြို့နယ်စည် ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မျိုးဆက်ထံမှ သိရသည်။

 

1

 

“ကျွန်တော်တို့ ပွင့်ဖြူမြို့အား မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသပ်ရပ်မှုရှိစေရန်နှင့် မြို့တွင်း ရေစီးရေလာ ကောင်းမွန်စေရန်အတွက် ပွင့်ဖြူမြို့ ဗိုလ်ချုပ်လမ်းမှာ အုတ်ရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေပါတယ်။  အုတ်ရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်းက အရှည်ပေ ၃၄၀ ပေရှိပြီး ရေနုတ်မြောင်းကျယ်ပေ ၄ ပေ  ၆ လက်မ၊ အနက်ပေ ၃ ပေ ၉ လက်မ တူးဖော်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကုန်ကျစရိတ်ကတော့ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်၊ ဌာန၏ ခွင့်ပြုရန်ပုံငွေကျပ် ၈၅ သိန်းနဲ့  မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်တာဖြစ်ပါတယ်။ ဒါ့အပြင် ခွင့်ပြုရန်ပုံငွေကျပ် သိန်း ၂၀ ဖြင့် ဗိုလ်ချုပ်လမ်းဆုံမှာ အရှည်ပေ ၂၃ ပေ၊ အကျယ် ၇ ပေ၊ ထု ၄ ပေ ၆ လက်မရှိ Box Culvert ကွန်ကရစ်တံတား တည်ဆောက်ခြင်း လုပ်ငန်းကိုလည်း ထည့်သွင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဌာန၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် အုတ်ရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်းနဲ့ Box Culvert ကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းအား သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် ကျွန်တော်တို့ မြို့နယ် စည်ပင်သာယာရေး ကော်မတီအနေဖြင့် အနီးကပ်ကြီးကြပ် ဆောင်ရွက်နေပါတယ်” ဟု ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်မျိုးဆက်က ပြောသည်။ 


 
ရဲဝင်းနိုင် (ညောင်ဦး)