ပွင့်ဖြူ ၂၁ မတ်
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် DARIU & MBAPF လူမှုအဖွဲ့အစည်း၏ ပံ့ပိုးကူညီမှုဖြင့် ကျောင်းသားကျောင်းသူများ နွေရာသီ ကျောင်းပိတ်ရက်ကာလ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အခြေခံကွန်ပျူတာနည်းပညာအား ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်အသုံးပြု တတ်စေရန် ရည်ရွယ်၍ မတ် ၂၀ ရက် ၊ နံနက် ၉ နာရီက နွေရာသီအခြေခံကွန်ပျူတာသင်တန်းနှင့် ဂိမ်းကစားနည်း သင်တန်း ဖွင့်လှစ်သင်ကြားပေးနေကြောင်း အဆိုပါ ကံသာကြီးကျေးရွာရှိ ဒေသခံပြည်သူများထံမှ သိရသည်။
အဆိုပါ နွေရာသီအခြေခံကွန်ပျူတာသင်တန်းနှင့် ဂိမ်းကစားနည်းသင်တန်းသို့ ကံသာကြီးကျေးရွာအခြေခံ ပညာအထက်တန်းကျောင်းမှ အဌမတန်း ကျောင်းသားကျောင်းသူ သင်တန်းသား ၂၀ ဦး တက်ရောက်လျက်ရှိပြီး သင်တန်းတွင် သင်တန်းနည်းပြဆရာမ ဒေါ်မြင့်မြင့်အေး(အလပြ) နှင့် ဆရာ၊ ဆရာမများက ကျောင်းသားကျောင်းသူ များကို အခြေခံကွန်ပျူတာနည်းပညာ ကျွမ်းကျင်တတ်မြောက်စေရန် DARIU & MBAPF လူမှုအဖွဲ့အစည်းမှ ပံ့ပိုးကူညီပေးသည့် ကွန်ပျူတာ Latop များဖြင့် အခြေခံကွန်ပျူတာနှင့် ပတ်သက်သည့် စာစီစာရိုက်ရေးသားနည်း ၊ ရုံးစာရေးသားနည်း ၊ စာဖိုင်သိမ်းဆည်းနည်းများ နှင့် ကွန်ပျူတာဖြင့် ဂိမ်း Program ရေးဆွဲ၍ ဂိမ်းကစားနည်းများကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးနေကြောင်း သိရသည်။
ယခုဖွင့်လှစ်သည့် နွေရာသီ အခြေခံကွန်ပျူတာသင်တန်းနှင့် ဂိမ်းကစားနည်းသင်တန်းအား DARIU & MBAPF လူမှုအဖွဲ့အစည်း၏ ပံ့ပိုးကူညီမှုဖြင့် ပွင့်ဖြူမြို့နယ်ကံသာကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် မတ် ၂၀ ရက်နေ့မှ ၂၄ ရက်နေ့အထိ ငါးရက်ကြာ ဖွင့်လှစ်ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


