ပြင်သစ်နိုင်ငံ၌တောမီးလောင်ကျွမ်းမှုဖြစ်ပွားသဖြင့် လူပေါင်း ၃၀၀၀ ကျော် ဘေးကင်းရာသို့ပြောင်းရွှေ့

ဩဂုတ် ၁၅

ပြင်သစ်နိုင်ငံတောင်ပိုင်း Pyrenees-Orientales ၊ Saint-Andre အနီးတွင် ယမန်နေ့ညနေပိုင်းက တောမီးအကြီးအကျယ်လောင်ကျွမ်းမှုကြောင့် လူပေါင်း ၃၀၀၀ ကျော် ဘေးကင်းရာသို့ရွှေ့ပြောင်းခဲ့ရသည်။

အဆိုပါတောမီးသည် ဒေသစံတော်ချိန် ညနေ ၅  နာရီ ၁၅ မိနစ်တွင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းမီးသတ်ဌာန၏ပြောကြားချက်ကို ကိုးကားပြီး ပြင်သစ်သတင်းချန်နယ် ဘီအက်ဖ်အမ်တီဗွီက ဖော်ပြခဲ့သည်။

ဒေသမီးသတ်သမားများ၏ပြောကြားချက်အရ တောမီးသည် မြေဟက်တာ ၅၃၀ ခန့် လောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး အနီးနားရှိ လူပေါင်း ၃၀၀၀ ကျော် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ကြသည်ဟု သိရသည်။

တောမီးလောင်ကျွမ်းမှုပိုမိုအားကောင်းလာပြီး လက်ရှိအချိန်ထိ မီးငြှိမ်းသတ်နိုင်မှုမရှိသေးကြောင်း ည ၉ နာရီက ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ထိုဒေသခေါင်းဆောင် ရော့ဒရီဂူ ဖာစီက ပြောသည်။

ထိုတောမီးလောင်ကျွမ်းမှုကိုဟန့်တားနိုင်ရန် မီးသတ်သမား ၅၀၀ ကျော်၊ လေယာဉ် ၁၃ စီးနှင့် ရဟတ်ယာဉ် သုံးစီးတို့ သုံးထားကြောင်း ပြင်သစ်ပြည်ထဲရေးဝန်ကြီး ဂါရတ်ဒါမန်နင်က ပြောကြားသည်။

၂၀၂၂ ခုနှစ်က ပြင်သစ်နိုင်ငံတွင် မြေဟက်တာ ၇၂၀၀၀  မီးလောင်းကျွမ်းမှုဖြစ်ပွားခဲ့သည်ဟု ပြင်သစ်ပြည်ထဲရေး ဝန်ကြီးဌာန၏ပြောကြားချက်အရ သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို