ရန်ကုန် ၂၆ ဧပြီ
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းသည် ယနေ့မွန်းလွဲပိုင်းတွင် ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံးအစည်းအဝေးခန်းမ၌ စာပေဗိမာန်ရုံး အရာထမ်းများနှင့် တွေ့ဆုံသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးက အရာထမ်းများအား နှုတ်ခွန်းဆက်စကားပြောကြားသည်။ ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့်က ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနနှင့် ဂျပန်နိုင်ငံ National Institute of Information and Communications Technology (NICT) တို့ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်စက်ဖြင့် ဘာသာပြန်ခြင်းစနစ် စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်အခြေအနေများနှင့် စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်းတင်ပြသည်။
ထို့နောက် ဒုတိယဝန်ကြီးက စက်ဖြင့်ဘာသာပြန်ခြင်းစနစ်စီမံကိန်းကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးမှာကြားပြီး စာပေဗိမာန်မှ ထုတ်ဝေလျက်ရှိသည့် စာအုပ်စာစောင်များ၏ အရည်အသွေးကောင်းမွန်ရေး၊ ဈေးကွက်ကျယ်ပြန့်ရေး၊ မြန်မာစာပေဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးတက်အောင်မြင်ရေး၊ ထုတ်ဝေသည့် စာအုပ်စာစောင်များတွင် စက်တင်ဟန် (House Style)များ မှန်ကန်ညီညွတ်ရေးနှင့် စာတည်းများ၏ စွမ်းဆောင်မှုမြှင့်တင်ရေးများနှင့် စပ်လျဉ်း၍ အကြံပြုဆွေးနွေးခဲ့သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် စာပေဗိမာန် စာတည်းဌာန၊ စာကြည့်တိုက်နှင့် အရောင်းဆိုင်များသို့ လှည့်လည်ကြည့်ရှုသည်။
(သတင်းစဉ်)


