ပြည် ၂၇ ဧပြီ

 

ယခုနှစ် နွေရာသီတွင် နိုင်ငံတစ်ဝန်း၌ အပူချိန်များ မြင့်တက်လျက်ရှိသောကြောင့် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင် သက်ကြီးရွယ်အို အဘိုးအဘွားများအား အပူဒဏ်မှ ကာကွယ်ခိုလှုံနိုင်ရေးအတွက် ပြည် - ရန်ကုန်ကားလမ်းနှင့် ဧရာဝတီမြစ်ကမ်းဘေးရှိ ဗေဒါရီပန်းခြံ (view point) အတွင်း၌ တည်ဆောက်ထားရှိသော ခေတ္တအပူရှောင်စခန်းကို ဧပြီ ၂၇ ရက် နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

ဗေဒါရီပန်းခြံ (view point) သည်သစ်ရိပ်ဝါးရိပ်များဖြင့် အေးချမ်းလျက်ရှိကာ ယင်းအတွင်း၌ ဒေသထွက် ဝါး၊ သက္ကယ်တိုု့ဖြင့် ယာယီအပူရှောင်စခန်း တည်ဆောက်ထားရှိပြီး အဆိုပါ အပူရှောင်စခန်းကို ပြည်မြို့ပေါ်ရပ်ကွက်များမှ အသက် ၇၀ နှစ်နှင့်အထက် စာဝတ်နေရေး မပြေလည်သည့်  အဘိုးအဘွားများအား အပူရှောင်နိုင်ရန် အဓိကထား ပြုလုပ်ခြင်းဖြစ်ကြောင်း ပြည်မြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ က ပြောကြားခဲ့သည်။

 

အပူရှောင်စန်းတွင် ရပ်ကွက်အလိုက်စာရင်းပေးသွင်းထားသော အပူရှောင် အဘိုးအဘွားများကို အခမဲ့အကြိုအပို့ ပြုလုပ်ပေးပြီး  နေ့လယ်စာ ထမင်းဟင်း နှင့် အအေးဖျော်ရည်များ ကျွေးမွေးလှူ ဒါန်းခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးခြင်းတို့ကို ပြည်မြို့မှ လွှတ်တော်ကိုယ်စားလှယ်များ၊ အရပ်ဖက်ပရဟိတလူမှုအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာ နှင့် စေတနာရှင် အလှူရှင်ပြည်သူများက ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိကာ ပြည်မြို့ပေါ်ရပ်ကွက်အသီးသီးမှ အပူရှောင်စခန်းသို့ လာရောက် အပူရှောင်လိုသော အသက်(၇၀)နှင့်အထက် အဘိုးအဘွားများအနေဖြင့် စာရင်းပေသွင်းလိုပါက ဝ၉၂၅၀၁၁၄၂၇၈၊ ဝ၉၇၇၀၅၅၅၅၂၄၊ ဝ၉၇၉၆၉၉၁၉၉၅ ၊ ဝ၉၄၅၃၂၀ဝ၀ဝ၇ နှင့် ဝ၉၇၈၈၈၈၁၆၄၄ စသည့် ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်း စာရင်းပေးနိုင်ကြောင်းသိရသည်။

 

မျိူးကျော်ကြီး(ပြန်/ဆက်)

 

IMG_20