နေပြည်တော် ဇူလိုင် ၂၅
ပြည်ထောင်စုနယ်မြေအတွင်း မြစ်၊ ချောင်း၊ ဆည်တမံများအတွင်း ငါးသယံဇာတများ တိုးပွားလာစေရေး၊ ငါးမျိုးပြုန်းတီးမှုမဖြစ်ပေါ်စေရေး၊ သဘာဝရေပြင်နှင့် ကန်များတွင် ငါးမျိုးများ ရေရှည်စဉ်ဆက်မပြတ် တည်တံ့ခိုင်မြဲပြီး ငါးသယံဇာတပေါကြွယ်ဝစေရေး၊ နိုင်ငံတော်၏ ငါးထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရေး တစ်ဖက်တစ်လမ်းမှ ပံ့ပိုးပေးနိုင်ရန်ရည်ရွယ်၍ ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ် မိုးရာသီငါးမျိုး စိုက်ထည့်ပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်ဆည်၌ ကျင်းပသည်။
ငါးမျိုးစိုက်ထည့်ပွဲသို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော်၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့/ ဦးစီး ဌာနအသီးသီးမှ တာဝန်ရှိသူများ၊ တပ်ဖွဲ့ဝင်များနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။
ငါးမျိုး စိုက်ထည့်ပွဲတွင် ပြည်ထောင်စုဝန်ကြီးက ငါးသားပေါက်များကို ရန်အောင်မြင်ဆည်အတွင်း စတင်စိုက်ထည့်ပေးပြီး ပြည်ထောင်စု ဝန်ကြီးရုံးနှင့် ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့/ ဦးစီးဌာန အသီးသီးမှ တာဝန်ရှိသူများ၊ တပ်ဖွဲ့ဝင်များနှင့် ဝန်ထမ်းများက ငါးမြစ်ချင်း၊ ငါးကြင်းဖြူ၊ မြက်စားငါးကြင်းနှင့် ငါးခုံးမ ငါးသားပေါက် အကောင်ရေ ၂၀၀၀၀ ကို ရန်အောင်မြင်ဆည်အတွင်း စိုက်ထည့်ပေးနေမှုကို ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးသည်။
ဆက်လက်၍ ပြည်ထဲရေး ဝန်ကြီးဌာန၏ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို နေပြည်တော် ဥတ္တရသီရိမြို့နယ် တောင်ညိုသစ်တောကြိုးဝိုင်း အကွက်အမှတ် (၆၁) ပေါ်ရှိ မြေဧရိယာ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ခရေပင်ကို ဦးဆောင်စိုက်ပျိုးပေးပြီး ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး၊ အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦး၊ တပ်ဖွဲ့/ ဦးစီးဌာနများမှ တာဝန်ရှိသူများ၊ တပ်ဖွဲ့ဝင်၊ ဝန်ထမ်းများက သတ်မှတ်နေရာ အသီးသီးတွင် သစ်ပင်များစိုက်ပျိုးကြကာ ပြည်ထောင်စုဝန်ကြီးက လှည့်လည်ကြည့်ရှုအားပေးသည်။
ပြည်ထဲရေး ဝန်ကြီးဌာနအနေဖြင့် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဇွန် ၂၀ ရက်တွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ် လယ်ဝေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝင်းမြေနေရာ၌ ကျင်းပခဲ့ပြီး ကျွန်း၊ ပျဉ်းကတိုး၊ သရက်၊ စိန်ပန်းပြာ၊ ချယ်ရီ၊ ကျွဲကော၊ ပိန္နဲ စုစုပေါင်း ၁၀၆၅ ပင် စိုက်ပျိုးခဲ့ကာ ယနေ့ ကျင်းပသည့် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ ခရေ၊ စိန်ပန်း၊ ကုက္ကို၊ တမာ၊ ယမနေ၊ ငုစပ်၊ မန်ဂျန်ရှား စုစုပေါင်း ၁၀၂၄ ပင် စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
အလားတူ ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့/ ဦးစီးဌာနများ၏ ရုံးချုပ်များနှင့် တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးရှိ ရုံး/ ဌာနများတွင်လည်း မိုးရာသီသစ်ပင်စိုက်ပွဲများ ကျင်းပ၍ ရတနာတန်းဝင်ပင်များ၊ အရိပ်ရလေကာပင်များ၊ သီးပင်စားပင်များအား တာဝန်ရှိသူများက စုပေါင်းစိုက်ပျိုးခဲ့ကြရာ ပြည်ထဲရေးဝန်ကြီးဌာန တစ်ခုလုံးအနေဖြင့် ဒုတိယအကြိမ် စိုက်ပျိုးပွဲတွင် သစ်ပင် စုစုပေါင်း ၇၇၆၈၉ ပင်ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


