နေပြည်တော် ၂၇ ဧပြီ

 

မြန်မာနိုင်ငံစာရင်းကောင်စီ (၁/၂၀၁၉) အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ မြန်မာနိုင်ငံစာရင်းကောင်စီရုံး၌ ကျင်းပရာ မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းနှင့် မြန်မာနိုင်ငံစာရင်းကောင်စီ အဖွဲ့ဝင်များ တက်ရောက်ကြသည်။

 

အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံစာရင်းကောင်စီ (၂/၂၀၁၈) အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ အတည်ပြုပြီးသည့် မြန်မာနိုင်ငံ စာရင်းကောင်စီဥပဒေကို ပြင်ဆင်သည့် ဥပဒေကိစ္စ၊ မြန်မာနိုင်ငံစာရင်းကောင်စီ နည်းဥပဒေမူကြမ်းကိစ္စ၊ မြန်မာနိုင်ငံစာရင်းကောင်စီမှ ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၃၀ ရက်မှ ၂၀၁၉ ခုနှစ် ဧပြီ ၂၆ ရက်အထိ ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာများ၊ ရုံးအမိန့်များ၊ မြန်မာနိုင်ငံ စာရင်းကောင်စီကော်မတီများ၏ အစည်းအဝေးကျင်းပမှုများနှင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေ၊ စာရင်းစစ်လုပ်ငန်းဆိုင်ရာ စောင့်ကြည့်စစ်ဆေးရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ International Code of Ethics for Professional Accountants အား လိုက်နာဆောင်ရွက်ရေးကိစ္စ၊ Self Evaluation Checklist on Audit Quality Maturity Model, Self Assessment against CAPA Maturity Model Attributes for CPD၊ အပြည်ပြည်ဆိုင်ရာ စာရင်းပညာအဖွဲ့အစည်းနှင့် ဆက်သွယ်ဆောင်ရွက်မှု၊ မြန်မာနိုင်ငံ လက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်း၏ လုပ်ငန်းဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံ စာရင်းကောင်စီရုံး၏ ရုံးလုပ်ငန်းဆောင်ရွက်မှု အခြေအနေ စသည်တို့ကို အစီအစဉ်အတိုင်း ဆွေးနွေးကြပြီး တက်ရောက်လာသည့် မြန်မာနိုင်ငံစာရင်းကောင်စီဝင်များက အထွေထွေကိစ္စရပ်များကို ဆွေးနွေးကြသည်။

 

ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌက မြန်မာနိုင်ငံ စာရင်းကောင်စီ၏ လုပ်ငန်းတာဝန်များ ပြည့်မြောက်အောင်မြင်ရေးနှင့် စာရင်းပညာဖွံ့ဖြိုးရေးအတွက် မြန်မာနိုင်ငံ စာရင်းကောင်စီဝင်များအနေဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ဝိုင်းဝန်းကြိုးပမ်းကြရန် မှာကြားသည်။

 

(သတင်းစဉ်)