နေပြည်တော် ဒီဇင်ဘာ ၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် နွေစပါးစီမံကိန်း အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်  ကောင်စီရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က နိုင်ငံတော်၏ အဓိကစားနပ်ရိက္ခာ သီးနှံဖြစ်သည့် ဆန်စပါးစိုက်ပျိုးရေး ထုတ်လုပ်မှု တိုးတက်ရေးအတွက် နည်းလမ်းများစွာဖြင့် ကြိုးပမ်းဆောင်ရွက် နေလျက်ရှိပါကြောင်း၊ သီးနှံများ၏ အထွက်နှုန်းတိုးတက်ခြင်း၊ ဈေးနှုန်းနှင့် ဈေးကွက်သေချာခြင်း၊ တောင်သူများ ဝင်ငွေပိုမိုရရှိစေခြင်းတို့ဖြင့် နိုင်ငံ့စီးပွားတိုးတက်မြင့်မားလာစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာစေရန်၊ အကျိုးတူလယ်ယာစနစ် ဆောင်ရွက်သူနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပြည်ပဈေးကွက်များသို့ ပိုမို ချိတ်ဆက်ရရှိစေရန်၊ အကျိုးတူ လယ်ယာစနစ်တွင် ပါဝင်သည့် အစုအဖွဲ့တိုင်း အကျိုးအမြတ်ရရှိစေရန်၊ ပူးပေါင်းဆောင်ရွက်သည့် စနစ်အပေါ် အလေ့အကျင်ရရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အထွက်နှုန်း ကောင်းမွန် သည့် စပါးများ စိုက်ပျိုးနိုင်ရေး၊ နွေစပါးစိုက်ပျိုးမည့် လျာထားစိုက်ပျိုးဧကများ ပြည့်မီအောင် စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးရေး လုံလောက်အောင်ရရှိရေးနှင့် စိုက်ပျိုးနည်းစနစ်အတတ်ပညာများ မျှဝေပေးရေး တို့ကို သက်ဆိုင်ရာဌာနများက ပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ နေပြည်တော်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် နွေစပါးစီမံကိန်းကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အလေးစားကြိုးစား ဆောင်ရွက်ကြ စေလိုကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံဆန်စပါးအသင်းနှင့် ဆန်စပါးလုပ်ငန်းရှင် များက ၂၀၂၂-၂၀၂၃ ခုနှစ် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် နွေစပါးစိုက်ပျိုး ထုတ်လုပ်မည့် လုပ်ငန်းများ၊ ရေလှောင်တမံများ၏ ရေသိုလှောင်မှု အခြေအနေများနှင့် စိုက်ပျိုး ရေးပေးဝေနိုင်မှု အခြေအနေများ၊ ရေရရှိရေးနည်းလမ်းများအလိုက် စိုက်ပျိုးထုတ်လုပ်မည့် အစီအစဉ်များ၊  နည်းပညာပေး လုပ်ငန်းများဆောင်ရွက်မည့် အစီအစဉ်များ၊ စက်မှုလယ်ယာ ကိစ္စရပ်များနှင့် သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို အသီးသီး ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က တင်ပြချက်များနှင့် စပ်လျဉ်၍ လိုအပ်ချက်များကို ပြန်လည်ဖြည့်စွက် ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်