နေပြည်တော် ၇ မတ်
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးနှင့် ဥရောပသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့ရုံးမှ သံအမတ်ကြီး မစ္စတာခရာ့ရှ်ယန် စမစ်ချ်တို့သည် ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ တွေ့ဆုံကြသည်။
တွေ့ဆုံစဉ် ဥရောပသမဂ္ဂ၏ ရန်ပုံငွေဖြင့် My Justice အဖွဲ့က အကောင်အထည်ဖော် ဆောင်ရွက်နေသည့် တရားမျှတမှုဆိုင်ရာ အထောက်အကူပြုလုပ်ငန်းများ၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးနှင့် ပူးပေါင်းဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ဆက်လက်တိုးမြှင့် ဆောင်ရွက်မည့်လုပ်ငန်း အစီအစဉ်များ၊ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှု တိုးတက်ကောင်းမွန်ရေးအတွက် ရှေ့နေများ၏ ပါဝင်မှုအခန်းကဏ္ဍနှင့် တရားလွှတ်တော်ရှေ့နေများကောင်စီ အက်ဥပဒေကို ပြင်ဆင်ဆောင်ရွက်နေမှုများ၊ အမုန်းစကားများ ကာကွယ်တားဆီးရေး ဥပဒေကြမ်းနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီး ကာကွယ်ရေးဥပဒေကြမ်းတို့ကို ရေးဆွဲရာတွင် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းများ၊ စံနှုန်းများနှင့် ညီညွတ်ရေးအတွက် အလေးထား ဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးကြသည်။
(သတင်းစဉ်)


