နေပြည်တော် အောက်တိုဘာ ၁၇
မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးအသင်း (MIFA) နှင့် မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော ဟိန္ဒူ မျိုးနွယ်စုများ စုပေါင်းကျင်းပသည့် ဒီပါဝလီအထိမ်းအမှတ် အခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ဇနီးဒေါ်ကြူကြူလှ၊ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာ သံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးအကြီးအကဲများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ဟိန္ဒူမျိုးနွယ်စုများ၊ ဟိန္ဒူရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများ တက်ရောက်ကြသည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး
ဦးစွာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် ဇနီးတို့အား တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် ဟိန္ဒူရိုးရာ ဒီပါဝလီ အထိမ်းအမှတ်အခမ်းအနား မင်္ဂလာမုခ်ဦးကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံနှင့် တာဝန်ရှိသူများ၊ ဟိန္ဒူမျိုးနွယ်စုဝင်များက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ဟိန္ဒူရိုးရာ ကဘူးများမှုတ်ခြင်း၊ မိုးပျံပူဖောင်းများ လွှတ်တင်ခြင်းများကို ဆောင်ရွက်ကြသည်။
စက်ခလုတ်နှိပ်ဖွင့်လှစ်ပေး
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် ဇနီးတို့အား ဟိန္ဒူရိုးရာ ဆီမီးနံ့သာဖြင့်ကြိုဆိုကြပြီး ဟိန္ဒူရိုးရာတစ်ခုဖြစ်သည့် မွန်မြတ်ပြီး မင်္ဂလာရှိသော ဟိန္ဒူရိုးရာ Pur Kumbham (ပုရ်ဏကုမ္ဘမ်) ဖြင့် ဆုတောင်းကြိုဆို ဂါရဝပြုကြသည်။ ဆက်လက်၍ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက ဒီပါဝလီ အထိမ်းအမှတ်အခမ်းအနားကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး တက်ရောက်လာ ကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌနှင့်ဇနီး၊ အဖွဲ့ဝင်များသည် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ချစ်ကြည်ရေးပြခန်းများ၊ စီးပွားရေး လုပ်ငန်းပြခန်းများနှင့် မျိုးနွယ်စုများ၏ပြခန်းများအား ပြခန်းတစ်ခုချင်းစီအလိုက် လှည့်လည် ကြည့်ရှုကြသည်။
ဒီပါဝလီအထိမ်းအမှတ် ဆီမီးထွန်းညှိပေး
ထို့နောက် အခမ်းအနားအစီ အစဉ်ဒုတိယပိုင်းကို ပြဇာတ်ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီး၊ မြန်မာ နိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံး သံရုံးယာယီတာဝန်ခံနှင့် ဇနီး၊ တာဝန်ရှိသူများက ဒီပါဝလီအထိမ်း အမှတ် ဆီမီးထွန်းညှိပေးကြသည်။ ဆက်လက်၍ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် ဇနီးတို့အား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံး သံရုံး ယာယီတာဝန်ခံနှင့် ဇနီးတို့က မင်္ဂလာဂုဏ်ပြုပဝါနှင့် ပန်းကုံးကိုဂါရဝပြုဆင်မြန်းပေးပြီး နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံး သံရုံး ယာယီတာဝန်ခံတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။ ယင်းနောက် မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးအသင်း အတွင်းရေးမှူးနှင့် ဇနီးတို့က မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံး သံရုံးယာယီတာဝန်ခံနှင့် ဇနီးတို့အား မင်္ဂလာဂုဏ်ပြုပဝါနှင့် ပန်းကုံးကို ဂါရဝပြုဆင်မြန်းပေးသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက ဟိန္ဒူရိုးရာ ဒီပါဝလီအထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ခြင်းနှင့် ပတ်သက်၍ ပြောကြားရာတွင် ဒီပါဝလီပွဲတော်သည် ဟိန္ဒူဘာသာဝင်များ အထွတ်အမြတ်ထားသည့် ရိုးရာမီးထွန်းပွဲတော်ဖြစ်ကြောင်း၊ “ဒီပ” ဆိုသည့် မီးအလင်းရောင်နှင့် “အာဝလိ” ဆိုသည့် စီတန်းခြင်းဆိုသည့် အဓိပ္ပာယ်တို့ကို ပေါင်းစပ်ထားခြင်း ဖြစ်သည့်အတွက် ဒီပါဝလီဆိုသည်မှာ ဆီမီးအလင်းရောင်များဖြင့် စီတန်းထွန်းညှိပူဇော်ခြင်းဟု အဓိပ္ပာယ်ရသည်ဟု သိရှိရကြောင်း၊ ဒီပါဝလီ ပွဲတော် စတင်ဖြစ်ပေါ်ခဲ့သည့် နောက်ခံသမိုင်းကြောင်းအနေဖြင့် ရာမမင်းမြတ်သည် ရာဝဏ ဟုခေါ်သည့် ဒဿဂီရိမင်းကို နှိမ်နင်းပြီး စစ်ပွဲမှန်သမျှ ဘယ်သောအခါမှ အရှုံးမရှိသည့် အယုဒ္ဓယ နေပြည်တော်ကို ပြန်လည်ဝင်ရောက်လာသည့်အချိန်သည် သီတင်းကျွတ် လကွယ် မှောင်မိုက်နေသည့် ညအချိန်အခါဖြစ်သဖြင့် ဆီမီးများထွန်းညှိပြီး ရာမမင်းမြတ်ကို ဆီမီးအလင်းရောင်ဖြင့် ကြိုဆို ပူဇော်ကြရာမှ ဒီပါဝလီပွဲတော် စတင်ခဲ့ခြင်းဖြစ်သည်ဟု လေ့လာသိရှိရကြောင်း။
ဆီမီး ပူဇော်ခြင်းအားဖြင့် အမှောင်များပျောက်ကွယ်ပြီး အလင်းများရောက်လာသကဲ့သို့ မကောင်းသည်များ ကွယ်ပျောက်ပြီး ကောင်းခြင်းတရားများ ရောက်ရှိလာစေရန်၊ မျှော်လင့်ချက် ရောင်ခြည်များ ပြန်လည်ပြည့်ဝလာစေရန်ဆိုသည့် ယုံကြည်ချက်များဖြင့် အခုကဲ့သို့ ဆီမီးပူဇော်ကြခြင်း ဖြစ်ကြောင်း၊ ဟိန္ဒူဘာသာဝင်များအတွက် ဒီပါဝလီနေ့သည် အခါထူးရက်မြတ် ဖြစ်ခြင်းကြောင့် လုပ်ငန်းအသစ်စတင်ခြင်း၊ စာရင်းဟောင်းချုပ်ပြီး စာရင်းအသစ် စတင်ခြင်းများ ပြုလုပ်ပါက မျှော်မှန်းထားသည့်အတိုင်း အောင်မြင်သည်ဆိုသည့် ယုံကြည်မှုများနှင့် ဆောင်ရွက်ကြသည်ကိုလည်းသိရှိရကြောင်း၊ ယခုကျင်းပသည့် ဒီပါဝလီမီးထွန်းပွဲတော်ကြောင့် မိမိတို့နိုင်ငံတွင် ယခုအချိန်ကစပြီး ပိုမိုကောင်းမွန်တိုးတက်သည့် အခြေအနေကောင်းများ ရရှိခံစားနိုင်မည် ဆိုသည်ကို ယုံကြည်ကြောင်း။
မိမိတို့ မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံနှင့် မတူကွဲပြားသည့် ဘာသာရေးဆိုင်ရာ ယုံကြည် ကိုးကွယ်မှုမျိုးစုံ စုပေါင်းတည်ရှိသည့် နိုင်ငံဖြစ်ကြောင်း၊ နိုင်ငံတော်အတွင်း မှီတင်း နေထိုင်ကြသူများ၏ ဘာသာရေးဆိုင်ရာ ယုံကြည်ကိုးကွယ်မှုနှင့် ပတ်သက်ပြီး တူညီသည့်အခွင့်အရေးများနှင့် လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ခွင့်ပြုပေးထားပြီးဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ ကိုးကွယ်ယုံကြည်ရာ ဘာသာတရားအလျောက် ဘာသာရေးပွဲတော်များကိုလည်း အနှစ်သာရ ရှိရှိ ကျင်းပဆောင်ရွက်သွား ကြရန် လွန်စွာအရေးကြီးကြောင်း။
သင့်မြတ်စွာ စုစည်းနေထိုင်ရန်လိုအပ်
မတူကွဲပြားသည့် ဘာသာဝင်များအကြား မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဆိုသည့် ဗြဟ္မစိုရ် တရားလေးပါးကို လက်ကိုင်ထား ပြီး သင့်မြတ်စွာ စုစည်းနေထိုင်ရန် လိုအပ်ကြောင်း၊ “စုပေါင်းညီညာ အောင်ကြောင်းဖြာ” ဆိုသည့်စကားအတိုင်း ဘာသာပေါင်းစုံ စုစည်းညီညွတ်စွာ နေထိုင်နိုင်ရေး အတွက် အခြေခံမူများဖြစ်သည့် ဘာသာပေါင်းစုံက ဘာသာဝင်များအချင်းချင်း အပြန်အလှန်လေးစားပြီး အတူတကွ အေးချမ်းစွာနေထိုင်သွားကြရန်၊ ဘာသာရေး၊ လူမှုရေး ပဋိပက္ခများကြောင့် ဒုက္ခ ရောက်နေသူများကို ကူညီစောင့်ရှောက်ရန်၊ ဘာသာရေးနှင့် ဆက်နွှယ်သည့် နစ်နာမှုများရှိ လာပါက ဥပဒေနှင့်အညီ ညှိနှိုင်းဆောင်ရွက်ပေးရန်စသော ကောင်းမွန်သည့်အခြေခံမူများကို ချမှတ် ဆောင်ရွက်လျက် ရှိကြောင်း။
ပြည်ထောင်စုစိတ်ဓာတ်မွေးမြူ
မိမိတို့သည် အမိမြေပေါ်တွင် အတူတကွ ကြီးပြင်းလာကြသူများဖြစ်သည့်အတွက် တစ်ဦး၏ ယုံကြည်ရာ ဘာသာတရားကို အခြားတစ်ဦးက လေးစားကြရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံက ပိုင်ဆိုင်သည့် ဒီမြေ၊ ဒီရေ၊ ဒီလေကို တူညီစွာ သုံးစွဲနေထိုင်ကြသည့် မည်သည့်လူမျိုး၊ မည်သည့် ဘာသာဝင်ပင်ဖြစ်ပါစေ ပြည်ထောင်စုစိတ်ဓာတ်မွေးမြူပြီး နေထိုင်ကြရန်လိုကြောင်း၊ အဆိုပါ စိတ်ဓာတ်ကို အခြေခံပြီး အပြန်အလှန် ချစ်ကြည်ရင်းနှီးမှုများက တစ်ဆင့် မြန်မာနိုင်ငံ၏အကျိုးကို ဝိုင်းဝန်းသယ်ပိုးကြဖို့လိုကြောင်း ။မိမိတို့အနေဖြင့် နိုင်ငံတော်၏ အကျိုး၊ တိုင်းရင်းသား မိဘ ပြည်သူများ၏ အကျိုးအတွက် နိုင်ငံတော်ကို ပြည်သူလူထု လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လည်လျှောက်လှမ်းနိုင်ရန်အတွက် လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှ စပြီး လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို စတင်ကျင်းပ ပေးတော့မည်ဖြစ်ကြောင်း၊ ထို့နောက် ရွေးကောက်ပွဲရလဒ်အရ ထွက်ပေါ်လာသည့် အစိုးရကို ဒီမိုကရေစီ စံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန် လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲအောင်မြင်စေရေး ယခုကဲ့သို့ အဖွဲ့အစည်းအသီးသီးကလည်း နိုင်ငံ့အကျိုး မျှော်ကိုးပြီး ဆောင်ရွက်သွားကြရန်လိုကြောင်း။
ယခုကဲ့သို့ ဟိန္ဒူဘာသာဝင်တို့၏ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသည့် ဆီမီးထွန်းညှိပူဇော်ပွဲကို ဦးစီးကျင်းပ ပေးခဲ့သည့် မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးအသင်း၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံး၊ မြန်မာ-အိန္ဒိယ ကုန်သည်ကြီးများနှင့် ဟိန္ဒူမျိုးနွယ်စု အသင်းအဖွဲ့များ အားလုံးကို ကျေးဇူးတင်ရှိသည်ကို ပြောကြားလိုကြောင်း၊ ယခုဒီပါဝလီပွဲတော်မှစပြီး မိမိတို့နိုင်ငံသားအားလုံး တစ်ဦးအပေါ်တစ်ဦး ချစ်ခင်လေးစားမှု၊ နားလည်ခွင့်လွှတ်မှုများ မျှဝေပေးပြီး အတိတ်က မကောင်းသည့် အဟောင်းများ ကိုချန်ခဲ့ကာ အနာဂတ်နိုင်ငံတော်နှင့် ကမ္ဘာကြီးတွင် ငြိမ်းချမ်းသာယာမှုများ ဖြစ်ပေါ်လာအောင် ဝိုင်းဝန်းကြိုးစားဆောင်ရွက်နိုင်ကြပါစေကြောင်း ဆန္ဒပြု ဆုမွန်တောင်းစကား ပြောကြားလိုက်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံး သံရုံး ယာယီတာဝန်ခံက အမှတ်တရစကားနှင့် ဒီပါဝလီ အထိမ်းအမှတ် ပွဲတော်ကျင်းပရေး ဦးစီးကော်မတီနှင့် မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြောကြားကြသည်။
ထို့နောက် နိုင်ငံတော်ယာယီ သမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် ဇနီး၊ အခမ်းအနား တက်ရောက်လာကြသူများအား မြန်မာ- အိန္ဒိယ ရိုးရာယဉ်ကျေးမှု အကအဖွဲ့၊ ဟိန္ဒူရိုးရာ ယဉ်ကျေးမှုအကအဖွဲ့နှင့် အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)မှ ယဉ်ကျေးမှုအဖွဲ့များက ဟိန္ဒူရိုးရာယဉ်ကျေးမှု အကပဒေသာများ၊ လူမျိုးစုများ၏ ရိုးရာအကများ၊ မြန်မာရိုးရာ အကများဖြင့် သီဆိုကပြဖျော်ဖြေကြသည်။ ဖျော်ဖြေမှုအပြီးတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံး သံရုံးယာယီတာဝန်ခံနှင့် ဇနီးတို့သည် ယဉ်ကျေးမှုအဖွဲ့များအား အမှတ်တရ ဂုဏ်ပြုပန်းခြင်း ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အခမ်းအနား အပြီးတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌနှင့်ဇနီး၊ အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် ဟိန္ဒူမျိုးနွယ်စုများ၊ ဟိန္ဒူရိုးရာ ယဉ်ကျေးမှုအဖွဲ့များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်


