နေပြည်တော် အောက်တိုဘာ ၁၈
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့ရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများအား ယနေ့မွန်းလွဲပိုင်းတွင် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားသည်။
ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့သည် ကိုကိုးကျွန်းလေဆိပ်သို့ ရောက်ရှိ ကြရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံပြည်သူ များက ရင်းနှီးနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ သည် ကိုကိုးကျွန်းမြို့ရှိ ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများအား မြို့နယ်ခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာများကို ဆွေးနွေး ပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲအခမ်းအနား သို့ ကော်မရှင်အတွင်းရေးမှူး၊ တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ် ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီး များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီး များ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ကိုကိုးကျွန်းမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိ ရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ ကိုကိုးကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူးက မြို့နယ်ဆိုင်ရာ အချက်အလက်များ၊ ရွေးကောက် ပွဲ ကျင်းပပြုလုပ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှု၊ မြန်မာအီလက်ထရောနစ်မဲပေး စနစ်(MEVM) စက်များအသုံးပြုနိုင်ရေး အသိပညာပေးမှုများ ဆောင်ရွက်ပေးလျက်ရှိမှု၊ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ တစ်ပိုင်တစ်နိုင်လုပ်ငန်း များ ဆောင်ရွက်လျက်ရှိမှု၊ ကိုကိုး ဆည်မှတစ်ဆင့် သောက်သုံးရေများ ဖြန့်ဝေပေးလျက်ရှိမှု၊ ရေသန့် စက်များတပ်ဆင်၍ သောက်ရေသန့်များ ဖြန့်ဝေပေးလျက်ရှိမှု၊ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် ဓာတ်အားထုတ်လုပ် ရေးလုပ်ငန်းမှ လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးပေးလျက်ရှိမှု၊ အားကစားကဏ္ဍ၊ ပညာရေးကဏ္ဍ ကျန်းမာရေးကဏ္ဍ၊ မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှု၊ ကိုကိုးပင်များ စိုက်ပျိုး လျက်ရှိမှု၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို လည်းကောင်း၊ ကိုကိုးကျွန်းမြို့ ရပ်မိရပ်ဖများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကျန်းမာရေး ကဏ္ဍလိုအပ်မှု၊ အိမ်တွင်းစက်မှု လက်မှုလုပ်ငန်းအတွက် လိုအပ်မှု၊ ပုဂ္ဂလိက လိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်း တင်ပြမှုများနှင့် ပတ်သက်၍ ကိုကိုးပင်စိုက်ပျိုးခြင်းနှင့်ပတ်သက်ပြီး ဒေသအတွက် အကျိုးဖြစ်ထွန်းစေရန် စိုက်ပျိုး စေခြင်းဖြစ်ကြောင်း၊ ကိုကိုးပင်စိုက်ပျိုးခြင်းများ တိုးတက်စေ ရေးအတွက် မိမိတို့ကိုယ်တိုင် ဆက်လက်၍ ဆောင်ရွက်သွားကြ ရန်လိုကြောင်း၊ ဒေသဝင်ငွေ တိုးတက်ရရှိရေးအတွက် ဒေသတွင် နေထိုင်ကြသူများက ကြိုးပမ်း ဆောင်ရွက်ကြရန် လိုကြောင်း ဖြည့်စွက်ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးများက ကိုကိုးကျွန်းဒေသအတွက် လိုအပ်လျက်ရှိသည့် လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး သမဝါယမလုပ်ငန်းများဖြစ်သည့် စက်ချုပ်သင်တန်း၊ အိမ်တွင်း ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ကူညီဆောင်ရွက်ပေးသွားမည့် အခြေ အနေများ၊ စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်စေရေး ကူညီဆောင်ရွက်ပေးသွားမည့် အခြေအနေ များ၊ ကျန်းမာရေးကဏ္ဍ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင် ရွက်ပေးသွားမည့် အခြေအနေ များ၊ ဆက်သွယ်ရေးကွန်ရက်များ တပ်ဆင်ပေးထားမှု၊ ပညာရေး ကဏ္ဍအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးသွားမည့် အခြေ အနေများကို ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက မိမိအနေဖြင့် ကိုကိုးကျွန်းမြို့သို့ လာရောက်ခဲ့သည်မှာ အကြိမ် ၂၀ မြောက် ရှိပြီ ဖြစ်ကြောင်း၊ ကိုကိုးကျွန်းမြို့ တိုးတက်စေရေး မိမိအနေဖြင့် လွန်ခဲ့သည့် ၁၀ နှစ်ကျော်ခန့်မှ စတင်၍ ဆောင်ရွက်ပေးခဲ့ ကြောင်း၊ ယခုအခါ ယခင်ကနှင့် လုံးဝမတူတော့ဘဲ ဖွံ့ဖြိုးတိုးတက်မှုရှိလာသည်မှာ မျက်ဝါးထင်ထင်ပင် ဖြစ်ကြောင်း၊ မိမိတို့မှ မည်သို့ပင်ဆောင်ရွက်ပေးသည် ဖြစ်စေ ကိုကိုးကျွန်းမြို့မှ ဒေသခံပြည်သူ များအနေဖြင့် မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်း ကြိုးပမ်း အားထုတ်သွားကြရန် လည်း လိုကြောင်း။
ကိုကိုးကျွန်းမြို့တွင် လယ်မြေများမရှိကြောင်း၊ သွားလာစားသောက်ရေးနှင့် ပတ်သက်၍ စိန်ခေါ်မှုများရှိကြောင်း၊ သွားလာရန်ခက်ခဲသည့် အချိန်တွင် စားသောက်ရေးအတွက် အခက်အခဲ မဖြစ်စေရန် လိုကြောင်း၊ ထို့ကြောင့် မြို့တွင်နေထိုင်ကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် မြို့နေပြည်သူများအနေဖြင့် ဝိုင်းဝန်း၍ ဆောင်ရွက်ကြရန် လိုကြောင်း၊ မြို့မြေများတိုးချဲ့ရာတွင် စိုက်ပျိုးမြေများမထိခိုက်စေရေး ကြိုတင်စဉ်းစားတွက်ချက် ဆောင်ရွက်ကြ ရန်လိုကြောင်း၊ ဒေသတွင်ရှိသည့် ပြည်သူများ မပူမပင်ဖြင့် စားသောက်နိုင်စေရေး အမြဲဆန်ဖူလုံမှုရှိ အောင် တာဝန်ရှိသူများအနေဖြင့် ဆောင်ရွက်ကြရန် လိုကြောင်း၊ ကိုကိုးကျွန်းဒေသ ဝမ်းစာဖူလုံရေး အတွက် စီမံဆောင်ရွက်သွားကြရန်လိုကြောင်း။
လယ်ယာများ၊ ကုန်းမြင့် ယာများကို ဖော်ထုတ်သွားရန်လိုကြောင်း၊ ထိုသို့ ဖော်ထုတ်နိုင် ရန်အတွက် စိုက်ပျိုးရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများကို စေလွှတ် ပေးသွားမည်ဖြစ်ကြောင်း၊ စားရေးနှင့် ပတ်သက်၍ ကိုကိုးကျွန်းမြို့ တွင် နေထိုင်ကြသည့် ပြည်သူများ၏ အရေအတွက်ကို တွက်ချက်၍ ပထမအဆင့် ၂၅ ရာခိုင်နှုန်း ဖူလုံစေ ရန်၊ ဒုတိယအဆင့် ၄၀ ရာခိုင်နှုန်း ဖူလုံစေရန်၊ ထိုမှတစ်ဆင့် ၁၀၀ ရာခိုင်နှုန်း ပြည့်မီသည်အထိ တစ်ဆင့်ပြီးတစ်ဆင့် ဆက်လက်တိုးတက်အောင် ဆောင်ရွက်သွား ကြရန်လိုကြောင်း၊ မိမိတို့၏ဒေသ ဝမ်းစာပြည့်မီရေးအတွက် ဒေသအကျိုးကိုကြည့်၍ ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်သွားကြစေလိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း ရေရှည်ကိုကြည့်၍ စနစ်တကျ တွက်ချက်ဆောင်ရွက်သွားကြရန်လိုကြောင်း။
စားရေးနှင့်ပတ်သက်၍ စိုက်ပျိုး ရေးလုပ်ငန်းများသာမက တစ်ပိုင် တစ်နိုင် ကြက်၊ ဝက်၊ ဆိတ်မွေးမြူ ရေး လုပ်ငန်းများကိုလည်း ဆောင် ရွက်သွားကြရန် လိုကြောင်း၊ ဒေသနှင့်ကိုက်ညီသည့် မွေးမြူရေး လုပ်ငန်းများကို ဆောင်ရွက်ရန်လိုကြောင်း၊ တာဝန်ရှိသူများအနေ ဖြင့် ကိုကိုးကျွန်းနေ ပြည်သူများ၏ အချက်အလက်များကို ကောက်ယူ၍ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအတွက် လိုအပ်ချက် များကို ဖြည့်ဆည်းနိုင်ရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ ကိုကိုးကျွန်းဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ မြို့ရွာတည်ဆောက်ရေး လုပ်ငန်းများအတွက် တာဝန်ရှိသူများအနေဖြင့် စနစ်တကျ ဆောင်ရွက်သွား ကြရန်လိုကြောင်း။
ဆောင်ရွက်
ကိုကိုးကျွန်းဒေသတွင် အခြေခံ အားဖြင့်ရှိပြီးဖြစ်သည့် အုန်းပင် များမှ အုန်းထွက်ပစ္စည်းများကို ထုတ်လုပ်၍ရကြောင်း၊ ထို့ကြောင့် ကိုကိုးကျွန်းဒေသမှ အုန်းထွက် ပစ္စည်းများထုတ်လုပ်နိုင်ရေး မိမိ အနေဖြင့် ဆောင်ရွက်ပေးထားကြောင်း၊ ကိုကိုးကျွန်းဒေသတွင် ယခုထက် ပိုမိုကောင်းမွန်သည့် အုန်းမျိုးများ စိုက်ပျိုးနိုင်ရန်လိုကြောင်း၊ ဒေသတွင် အခြေခံအကျဆုံး ပြည်သူများအနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားကြရန် လိုကြောင်း။
မိမိတို့ဒေသမှ ထုတ်ကုန်များအား တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်ရန် လိုကြောင်း၊ ထိုသို့ထုတ်လုပ်နိုင်ရန်အတွက် အသိပညာ၊ အတတ်ပညာများလိုအပ်ကြောင်း၊ ထို့ကြောင့် အတန်း ပညာများ မြင့်မားစေရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ အတန်းပညာ တတ်မြောက်ပြီးသူ များအား အိမ်တွင်းထုတ်လုပ်မှုလုပ်ငန်းများကို သင်ကြားပေးမည်ဆိုပါက ကိုကိုးကျွန်းမြို့တွင် ကုန်ထုတ် လုပ်မှုလုပ်ငန်းတိုးတက် လာမည်ဖြစ်ကြောင်း။
ကိုကိုးကျွန်းဒေသ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ နှင့် ဒေသတွင် တာဝန်ထမ်းဆောင် လျက်ရှိသည့် တပ်မတော်သားများ အားလုံးဝိုင်းဝန်း၍ ဆောင်ရွက် သွားကြရန်လိုကြောင်း၊ ကိုကိုး ကျွန်းဒေသတွင် ခရီးသွားလုပ်ငန်း များ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက် ပေးရန် ရည်မှန်းထားကြောင်း၊ ထို့ကြောင့် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ထား ရန်လိုကြောင်း၊ ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ဒေသတွင် နေထိုင်ကြသူများက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုကြောင်း၊ ကိုကိုးကျွန်းမြို့တွင် တာဝန် ထမ်းဆောင်နေသူများ အနေဖြင့် ဒေသ၏ ပညာရေး ကဏ္ဍ၊ ကျန်းမာရေးကဏ္ဍများ မြင့်မားစေရေး ဆောင်ရွက်ပေးသွားရန် လိုကြောင်း။
ပညာသင်ကြားရာတွင် ဆရာ ဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများကို အတန်း အလိုက် ပညာများတတ်ကျွမ်းမှုရှိစေရေး သင်ကြားပေးရန်လိုကြောင်း၊ မိမိတို့အနေဖြင့် တစ်နိုင်ငံလုံး ပညာရည်မြင့်မား ရေးအတွက် ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ကိုကိုးကျွန်းမြို့တွင် ပညာသင် ကြားမှုအနေဖြင့် ကျောင်းသားနှင့် ဆရာ ဆရာမအချိုး ကောင်းမွန်သည့်အတွက် ပညာသင်ကြား ရေးကို ပိုမိုဆောင်ရွက်နိုင်ပြီး ပညာရည် ပိုမိုတိုးတက်အောင် ဆောင်ရွက်ပေး နိုင်ကြောင်း၊ ဒေသတွင်း ပညာတတ်များ ပိုမိုကြွယ်ဝလာမှသာ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုစေ နိုင်ကြောင်း။
ကိုကိုးကျွန်းဒေသ ဖွံ့ဖြိုး တိုးတက်ရေးအတွက် မိမိတို့အနေဖြင့် တတ်နိုင်သည့်ဘက်မှ ကူညီ ဆောင်ရွက် ပေးလျက်ရှိသကဲ့သို့ ဒေသခံပြည်သူများအနေဖြင့်လည်း မိမိတို့ဒေသဖွံ့ဖြိုး တိုးတက်ရေး ဝိုင်းဝန်းဆောင်ရွက် သွားကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌက ကိုကိုးကျွန်းမြို့ရှိ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာ များကိုလည်းကောင်း၊ ကိုကိုးကျွန်း မြို့ အထက်တန်းကျောင်းအတွက် စာရေးကိရိယာများကို လည်း ကောင်း ပေးအပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကိုကိုးကျွန်းမြို့နယ် အထက်တန်းကျောင်းအုပ် ဆရာမကြီးက လက်ခံရယူသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌသည် အခမ်း အနား တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


