နေပြည်တော် အောက်တိုဘာ ၁၆

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ ဗီယက်နမ်-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ Mr. Chu Cong Phung ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က ယနေ့နံနက်ပိုင်းတွင် လာရောက်ဂါရဝပြု တွေ့ဆုံသည်။ အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်တို့ တက်ရောက်ကြပြီး ဗီယက်နမ်-မြန်မာ ချစ်ကြည်ရေး အသင်းဥက္ကဋ္ဌနှင့်အတူ ကိုယ်စားလှယ် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

 

ရင်းရင်းနှီးနှီးဆွေးနွေး

ထိုသို့တွေ့ဆုံရာတွင် မြန်မာ - ဗီယက်နမ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၌ မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့ချိန်အတွင်း ဗီယက်နမ်နိုင်ငံအနေဖြင့် ကူညီမှုများ ဆောင်ရွက်ပေးခဲ့မှုအခြေအနေများ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများ၊ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပပြုလုပ်နိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိမှုနှင့် နိုင်ငံတကာမှ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့များ ဖိတ်ခေါ်ထားရှိမှု အခြေအနေများ၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းနှင့် ခရီးသွားကဏ္ဍတိုးတက်ရေး လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။

 

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌနှင့် ဗီယက်နမ်-မြန်မာ ချစ်ကြည်ရေး အသင်းဥက္ကဋ္ဌတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ပြီး စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြကြောင်း သိရသည်။

 

သတင်းစဉ်

mdn