ထားဝယ် နိုဝင်ဘာ ၁၁

 

၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီ ကောလိပ် (ရန်ကုန်/စစ်ကိုင်း) တို့၌ (ပထမနှစ်)ဝိဇ္ဇာ၊ သိပ္ပံသင်တန်းသို့ တက်ရောက်ကြမည့် သင်တန်းသား သင်တန်းသူများ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံမှ ဩဝါဒခံယူပွဲကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက နိုင်ငံတော်အကြီးအကဲများက မြန်မာနိုင်ငံအတွင်း နယ်စပ်ဒေသနှင့် ဝေးလံခေါင်ဖျားသော နေရာဒေသတွင်ရှိသည့် လူငယ်လူရွယ်များကို မိမိဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ရန်၊ ပညာရှင်များ ပေါ်ထွန်းလာစေရန်၊ ရည်ရွယ်ချက်များဖြင့် သင်တန်း ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ ပြည်ထောင်စုဖွား တိုင်းရင်းသားပေါင်းစုံ တက်ရောက်သော ကျောင်းတော်ကြီးဖြစ်သည့်အတွက် စုပေါင်းနေထိုင်သည့်အခါတွင်လည်း ညီအစ်ကိုမောင်နှမသဖွယ် ချစ်ခင်ရင်းနှီးစွာ ပေါင်းစပ်နေထိုင်ပြီး မိမိရည်မှန်းချက်ပန်းတိုင် ရောက်ရှိအောင်၊ ဒေသဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် သင်တန်းသား သင်တန်းသူများကို ချီးမြှင့်ငွေများပေးအပ်ပြီး သင်တန်းသား သင်တန်းသူ များကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင် စကားပြောကြားသည်။

 

ညနေပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅)နှစ် အောက်ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ထားဝယ်မြို့ ရွှေဝယ်သီရိ အားကစားကွင်း၌ ကျင်းပရာ အမျိုးသား အမျိုးသမီးမီတာ ၁၀၀ အပြေးပြိုင်ပွဲနှင့် မီတာ ၄၀၀ x ၄ လက်ဆင့်ကမ်းပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးကြသည်။

 

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးများက ပြိုင်ပွဲတစ်လျှောက် ကူညီဆောင်ရွက်ပေးသော ကြက်ခြေနီတပ်ဖွဲ့ကို ဂုဏ်ပြုဆုငွေချီးမြှင့်ပြီး အမျိုးသား အမျိုးသမီး မီတာ ၁၀၀ အပြေးပြိုင်ပွဲ ဆုရရှိသူများနှင့် မီတာ ၄၀၀ x ၄ လက်ဆင့်ကမ်း အမျိုးသား အမျိုးသမီးပြိုင်ပွဲတွင် ဆုရရှိသော အသင်းများကို တစ်ဦးချင်းဆုနှင့် ငွေသားဆုများ ပေးအပ် ချီးမြှင့်သည်။

 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမျိုးသမီးပြိုင်ပွဲတွင် ရွှေတံဆိပ် ၁၂ ခု၊ ကြေးတစ်ခုဖြင့် ပထမဆုရရှိသော ကော့သောင်းမြို့နယ်အသင်းနှင့် အမျိုးသားပြိုင်ပွဲများတွင် ရွှေတံဆိပ်ခုနစ်ခု၊ ငွေသုံးခုဖြင့် ပထမဆုရရှိသော သရက်ချောင်းမြို့နယ် အသင်းကို တံခွန်စိုက်ဆုဖလားများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)