နေပြည်တော်  ဒီဇင်ဘာ  ၄

ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားရုံးချုပ် တရားသူကြီးချုပ် H.E. Mr. Vyacheslav Lebedev နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားသူကြီးများကောင်စီဥက္ကဋ္ဌ H.E. Mr. Victor Momotov တို့၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်း နိုင်ငံ မော်စကိုမြို့၌ နိုဝင်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ ကျင်းပသော “(၁၀) ကြိမ်မြောက်ရုရှားတရားသူကြီးများ ညီလာခံ”သို့ တက်ရောက်ဆွေးနွေးခဲ့သည်။

အဆိုပါ ညီလာခံသို့ အာမေးနီးယားသမ္မတနိုင်ငံ၊ အဇာဘိုင်ဂျန်နိုင်ငံ၊ ဘယ်လာ ရုစ်နိုင်ငံ၊ ကျူးဘားနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အီရန်နိုင်ငံ၊  ကာဇက်စတန်နိုင်ငံ၊ ကာဂျစ္စတန် နိုင်ငံ၊ တာဂျစ်ကစ္စတန်နိုင်ငံ၊ ဥဇဘက်ကစ္စတန်နိုင်ငံ၊ လွတ်လပ်သော ဓနသဟာရ ပြည် နယ်များ၊ ယူရေးရှမ်း စီးပွားရေးပြည်ထောင်စုနှင့် အက်ဘ်ခါဇီးယား သမ္မတနိုင်ငံတို့မှ တရားသူကြီးချုပ်များ၊ ဥက္ကဋ္ဌများ၊ တရားသူကြီးများနှင့် ကော်မတီ အတွင်းရေးမှူးချုပ် များလည်း တက်ရောက်ကြသည်။

ယင်းညီလာခံသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ H.E. Mr. Vladimir Putin တက်ရောက် အမှာစကားပြောကြားသည်။

ထို့ပြင် အဆိုပါညီလာခံ၌ ရုရှားနိုင်ငံ၏ လက်ရှိတရားရုံးများစနစ်ကို သုံးသပ် အကဲဖြတ်ခြင်း၊ တိုးတက်မှုရှိမည့် အလားအလာများ ချမှတ်ခြင်းနှင့် ရုရှားနိုင်ငံ၌ ပိုမို ကောင်းမွန်သည့် တရားစီရင်မှုဖြစ်ပေါ်လာရေး တို့နှင့်စပ်လျဉ်း၍ တရားစီရင်ရေးဆိုင် ရာ အဆိုပြုချက်များ ဖော်ထုတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ တရားရုံးချုပ်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုတရားလွှတ် တော်ချုပ်တို့အကြား တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များနှင့် ဥပဒေဆိုင်ရာကိစ္စရပ်များတွင် ဖြေရှင်းဆောင်ရွက်မှု အတွေ့အကြုံများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

(၁၀) ကြိမ်မြောက် ရုရှားတရားသူကြီးများ ညီလာခံသို့ ပြည်ထောင်စုတရားသူ ကြီးချုပ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့်အတူ ရုရုားဖက်ဒရေးရှင်းနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးလည်း တက်ရောက်ခဲ့သည်။

ရုရှားခရီးစဉ်အတွင်း ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးသည်  ရုရှား ဖက်ဒရေးရှင်းနိုင်ငံ တရားသူကြီးများကောင်စီဥက္ကဋ္ဌ H.E. Mr. Victor Momotov နှင့် သီးခြား တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်