နေပြည်တော် ၁ မေ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူသည် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ၏ Resident Representative နှင့် Country Director , Mr. Dom Scalpelli နှင့် ယမန်နေ့ ညနေ ၃ နာရီတွင် ပြည်ထောင်စု ဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ကဏ္ဍပေါင်းစုံပါဝင်သော အမျိုးသားအာဟာရဆိုင်ရာစီမံကိန်း အကောင် အထည် ဖော်ဆောင်ရွက်ရေး၊ အိမ်ထောင်စုအဆင့် အမယ်စုံစိုက်ပျိုးမွေးမြူ ထုတ်လုပ်စားသုံးမှုနှင့် ဆန်းသစ် တီထွင်မှုများ တိုးမြင့်လာရေး၊ ရခိုင်ပြည်နယ်ရှိ မြို့နယ်(၁၄) မြို့နယ်တို့တွင် စားနပ်ရိက္ခာ ဖူလုံမှုနှင့် စိုက်ပျိုးရေးဆိုင်ရာ ဆန်းစစ်ချက်အထူးအစီရင်ခံစာ၏ ဦးစားပေးအလိုက် ဆောင်ရွက်သွားရေး၊ အခြေခံပညာကျောင်းများတွင် ကျောင်းသားကျောင်းသူများ၏ ဉာဏ်ရည် ထက်မြက်မှု အထောက် အကူပြု နို့တိုက်ကျွေးခြင်းဆောင်ရွက်နေမှုများ၊ WFP ၏ ၅ နှစ်တာ အစီအစဉ်အရ အစားအစာ ဖူလုံမှုမရှိသည့် ဒေသများနှင့်ပဋိပက္ခဒဏ် ခံစားနေရသော ပြည်သူများ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပြည်သူများ၏ အစားအစာ ဖူလုံမှုနှင့် အာဟာရပြည့်ဝရေးဆိုင်ရာများကို ပူးပေါင်းဆောင်ရွက်ရန်နှင့် ၂၀၂၂ ခုနှစ်တွင် အာဟာရ ပြည့်မီရမည့် အမျိုးသား အဆင့် ရည်မှန်းချက်များနှင့် အညီမြန်မာနိုင်ငံရှိ အသက်(၅)နှစ် အောက် ကလေးများ အာဟာရ ပြည့်ဝရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြသည်။
(သတင်းစဉ်)


