နေပြည်တော် ၆ မတ် 

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူနှင့် နယ်သာလန်နိုင်ငံ BRAC International ၏ Executive Director Mr. Faruque Ahmed တို့သည် ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေဆုံကြသည်။

 

တွေ့ဆုံစဉ် လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးစီမံချက်များ ရေးဆွဲဆောင်ရွက်ရာတွင် အစိုးရ၊ ပြည်သူ၊ ဖွံ့ဖြိုးမှုမိတ်ဘက် အဖွဲ့အစည်းများနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နေမှု၊ “ကျေးလက်ဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်”ဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာ၊ GIZ မှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် မြန်မာနိုင်ငံတွင် ရေရှည်ခိုင်မာသော ရေသတ္တဝါ မွေးမြူရေး ဖွံ့ဖြိုးမှုအစီအစဉ်တွင် မွေးမြူရေးတောင်သူများအတွက် သွင်းအားစုဖူလုံစွာ သုံးစွဲနိုင်ရေးဆိုင်ရာကိစ္စ၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးမှုအကူအညီဆိုင်ရာ မူဝါဒ(DAP) လုပ်ထုံးလုပ်နည်း၊ နိုင်ငံတော်မှ ချမှတ်ထားသော မူဝါဒများနှင့်အညီ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေး ဆိုင်ရာများကို ဆွေးနွေးကြသည်။

 

ကျေးလက်အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်ဒေသ သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ ကျန်းမာသန့်ရှင်းရေးနှင့် တစ်ကိုယ်ရည် သန့်ရှင်းရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ခြင်း၊ ကျေးလက်လူငယ်များ စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း၊ ကျေးလက်နေပြည်သူများ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု စွမ်းရည်များတိုးတက်လာခြင်း စသည့် လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရမည့် “ကျေးလက်ဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်”အား ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် BRAC Myanmar တို့ပူးပေါင်း၍ စီမံကိန်းကာလ ၃ နှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

 

(သတင်းစဉ်)