နေပြည်တော် ဇူလိုင် ၁၂

 

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ယီကာကျီရင်ဘတ်မြို့ ၌ ဇူလိုင် ၇ ရက်မှ ၁၀ ရက်အထိ ကျင်းပသည့် (၁၅)ကြိမ်မြောက် စက်မှုကုန်စည်ပြပွဲ(အင်နိုပရွန်) သို့ တက်ရောက်ခဲ့သည်။

 

ဇူလိုင် ၇ ရက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ သည် ယယ်လ်ဆင်ပြခန်းအား လှည့်လည်ကြည့်ရှုပြီး ညပိုင်းတွင်ဆဗျဲလော့ဗ်ပြည်နယ်အုပ်ချုပ်ရေးမှူးက တည်ခင်း ဧည့်ခံသည့် ညစာစားပွဲအခမ်းအနားသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စက်မှုနှင့်ကုန်သွယ်ရေး ဝန်ကြီး အန်သွန်အလီ ဟာနော့ဗ်နှင့် နိုင်ငံပေါင်း ၂၀ ကျော်မှ စက်မှုဝန်ကြီးများနှင့်အတူ တက်ရောက်သည်။

 

စက်မှုကုန်စည်ပြပွဲတက်ရောက်

ဇူလိုင် ၈ ရက် နံနက်ပိုင်းတွင် (၁၅) ကြိမ်မြောက် စက်မှုကုန်စည်ပြပွဲ၌ ခင်းကျင်းပြသထားသည့် စက်မှုထုတ်ကုန် ပစ္စည်းများကို လှည့်လည်ကြည့်ရှုပြီး စက်မှုကုန်စည်ပြပွဲ (အင်နိုပရွန်) ဖွင့်ပွဲ အခမ်းအနား သို့ တက်ရောက်သည်။

 

ဇူလိုင် ၉ ရက် နံနက်ပိုင်းတွင်(၁၅)ကြိမ်မြောက် စက်မှုကုန်စည်ပြပွဲ၏ စက်မှုဆိုင်ရာနည်းပညာပြခန်း များအား လှည့်လည်ကြည့်ရှုပြီး ဆဗျဲလော့ဗ် ဒေသ၊ ပိုလက်ဗ်စကွဲယ်မြို့ရှိ ဆဲဗျဲစကီးသံမဏိပိုက် ထုတ်လုပ်ရေး စက်ရုံသို့ သွားရောက်၍ စက်ရုံပြတိုက်နှင့် စက်ရုံအတွင်းသံမဏိပိုက်များ ထုတ်လုပ်ပုံ အဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှုလေ့လာခဲ့ရာ စက်ရုံမှူး၊ ပိုလက်ဗ်စကွဲယ်မြို့အုပ်ချုပ်ရေးမှူး၊ တာဝန်ရှိသူများနှင့် စက်ရုံအင်ဂျင်နီယာချုပ် ဦးဆောင်သည့် စက်ရုံတာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသသည်။

 

ဇူလိုင် ၁၀ ရက်တွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် (၁၅) ကြိမ်မြောက် စက်မှုကုန်စည်ပြပွဲ ကျင်းပသည့် ယီကာကျီရင်ဘတ်မြို့မှ ပြန်လည်ထွက်ခွာလာရာ ဒေသ စံတော်ချိန် ညနေ ၆ နာရီ ၁၅ နာရီတွင် မော်စကို မြို့သို့ရောက်ရှိပြီး လေဆိပ်ဧည့်ခန်းမ၌ ပြည်ထောင်စု ဝန်ကြီးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့်အတူ Tyazhpromexport (TPE) ကုမ္ပဏီမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်တွေ့ဆုံ၍ MISIS မှ နည်းပညာဆိုင်ရာ ထောက်ပံ့ပေးနိုင်ရေးအတွက် နှစ်ဖက်သဘောတူစာချုပ် လက်မှတ်ရေးထိုးပြီး အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်) ရှိ လေသန့်စင်အလုပ်ရုံ၌ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေ၊ သံရည်ကျို အလုပ်ရုံ (Melt Shop) လည်ပတ်နိုင်ရေးအတွက် အပြီးသတ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် မော်စကို လေဆိပ်မှ ဆက်လက်ထွက်ခွာလာပြီး ရန်ကုန်မြို့သို့ ဇူလိုင် ၁၁ ရက် ညပိုင်းတွင် ပြန်လည် ရောက်ရှိခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်