ငွေဆောင် ၃၀ ဧပြီ
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ၂၀၁၈ - ၂၀၁၉ ဒသမတန်း လူရည်ချွန်မောင်မယ်များတွေ့ဆုံပွဲကို ယမန်နေ့ညနေပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်မြို့ ပုလဲ ငွေဆောင်ဟိုတယ်၌ ကျင်းပသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက လူရည်ချွန်များသည် မြန်မာနိုင်ငံမှ Grade-11 ကျောင်းသား ကျောင်းသူများထဲတွင် စာတော်သော ကျောင်းသား ကျောင်းသူများ ဖြစ်သကဲ့သို့ အားကစားနှင့်ကာယပညာတွင်လည်း ထူးချွန်ထက်မြက်သူများဖြစ်ပါကြောင်း၊ နိုင်ငံတော် အနေဖြင့် ယခုကဲ့သို့ သင်ယူလေ့လာစရာ ဒေသန္တရ ဗဟုသုတများ၊ ဒေသအလိုက် ယဉ်ကျေးမှုဓလေ့ထုံးစံများ၊ သိသင့်သိထိုက်သည့် ပညာရပ်ဆိုင်ရာများကိုလေ့လာ သင်ယူနိုင်ရန် လူရည်ချွန်များအဖြစ် ရွေးချယ်ဂုဏ်ပြုရသည့်အတွက် ပညာရေးဝန်ကြီးဌာနအနေဖြင့် မှတ်တမ်းတင်ပါကြောင်း။
မောင်တို့မယ်တို့ကဲ့သို့ ထူးချွန်သူများအနေဖြင့် ကျောင်းဆရာ၊ ဆရာမများ အဖြစ် တာဝန်ထမ်းဆောင် ကြစေလိုကြောင်း၊ သို့မှသာ ပိုမိုထူးချွန်သည့် မျိုးဆက် သစ်လူငယ်များကို ပြုစုပျိုးထောင်မွေးထုတ်ပေးနိုင် မည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် တစ်ဦးနှင့်တစ်ဦး ပူးပေါင်းဆောင်ရွက်တတ်သည့် စိတ်ဓာတ်နှင့် အလေ့အကျင့်ကောင်းများသည် အရေးကြီးပါကြောင်း၊ အခက်အခဲများ၊ မပြည့်စုံမှုများနှင့် စိန်ခေါ်မှုများသည် လူတိုင်းတွင်ရှိပြီး အတူတူ ကြံ့ကြံ့ခိုင်ရင်ဆိုင်ဖြေရှင်းကြပြီး မိမိတို့၏လုပ်ငန်းတာဝန်များကို အကောင်းဆုံးလုပ်ဆောင်ကြရန် မောင်မယ် တို့ကဲ့သို့ ထူးချွန်သည့် လူငယ်များပေါ်တွင် မူတည်ပါကြောင်း။
လူရည်ချွန်များအနေဖြင့် အခြားနိုင်ငံများမှ လူငယ်များနှင့် ယှဉ်ပြိုင်ရာတွင် ပြောဆိုဆက်ဆံမှု၊ အတူလက်တွဲအလုပ်လုပ်ရန်နှင့် အတူပူးပေါင်းဆောင်ရွက်ကြရန် အင်္ဂလိပ်စာနှင့် အိုင်စီတီ ဘာသာရပ်များ ကျွမ်းကျင်ရန်လိုအပ်ပါကြောင်း၊ လူငယ်များအနေဖြင့် အင်္ဂလိပ်စာနှင့် အိုင်စီတီ ဘာသာရပ်များကို ကျွမ်းကျင်ရုံသာမက အခြားလူငယ်များကို ကျွမ်းကျင်မှုရှိအောင် အတူလက်တွဲ ခေါ်ဆောင်ကြရန် အရေးကြီးပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသော အရည်အချင်းရှိရန် ကြိုးစားကြစေလိုကြောင်း၊ မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးအန္တရာယ်သည် လူငယ်မောင်မယ်များ၏ဘဝ တစ်ခုလုံးကို ပျက်စီးစေနိုင်သည့်အတွက် အသုံးမပြုကြဘဲ အထူးရှောင်ရှားကြရန် အရေးကြီးပါကြောင်း၊ ထို့ပြင် မိမိတို့၏ ဘေးပတ်ဝန်း ကျင်တွင်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ်၏ ခြိမ်းခြောက်မှုကိုခံနေရသည့် အတွက် အတူတူပူးပေါင်းစည်းရုံး အသိပေးပြောကြားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ၁၉၆၄- ၁၉၈၈ လူရည်ချွန်ကြီးများက ပြည်ထောင်စုဝန်ကြီးအား အမှတ်တရလက်ဆောင်များ ပေးအပ်ကြသည်။
လူရည်ချွန်စခန်း (ငွေဆောင်)ကို ဧပြီ ၂၉ ရက်မှ မေ ၄ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး လူရည်ချွန်မောင်မယ်များ အပန်းဖြေနေထိုင်စဉ်အတွင်း လေ့လာရေး ခရီးစဉ်နှင့် ဟောပြောပွဲများ၊ တစ်ဦးချင်းအလိုက် အတွေ့အကြုံ ဖလှယ်ခြင်းများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


