ရန်ကုန် ဇူလိုင် ၁၉

 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့နံနက်ပိုင်းတွင် ဒဂုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမသို့ ရောက်ရှိပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခများ၊ ဆရာ ဆရာမများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ပါရဂူတန်း ဖွင့်လှစ်ရန်ကျန်ရှိသည့် ဘာသာရပ်များအနေဖြင့် လာမည့် စာသင်နှစ်များတွင် ပါရဂူတန်းများ ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် သင်ကြားရေး ဆရာ ဆရာမများ၊ ဘာသာရပ်ဆိုင်ရာ စာအုပ်စာတမ်းများနှင့် လိုအပ်သည့် စက်ပစ္စည်းများကို ပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ သိပ္ပံဌာနများအနေဖြင့် ဓာတ်ခွဲခန်းသုံးစက်ပစ္စည်းများကို အကျိုးရှိ ထိရောက်စွာ ဘွဲ့လွန်ကျောင်းသားများ၊ ဘွဲ့ကြို ကျောင်းသားများအနေဖြင့် သုတေသနလုပ်ငန်းများ၊ စုပေါင်း project များ ဆောင်ရွက်ရာတွင် အားလုံး တက်ကြွစွာ ပါဝင်ဆောင်ရွက်စေရေး၊ ပါမောက္ခများအနေဖြင့် ကြီးကြပ် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားကာ တက်ရောက်လာကြသည့် ဌာနအလိုက် ပါမောက္ခ ဌာနမှူးများ၏ တင်ပြချက်များကို ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရန်ကင်းပညာရေးဒီဂရီ ကောလိပ်၊ သင်္ဃန်းကျွန်း ပညာရေးဒီဂရီကောလိပ်သို့ သွားရောက်ပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခ ချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဒုတိယကျောင်းအုပ်ကြီး၊ ပါမောက္ခဌာနမှူးများ၊ ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံ၍ ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံပညာကဏ္ဍ တိုးတက်ရေးသည် အဓိကအရေးကြီးပါကြောင်း၊ သင်တန်းသား သင်တန်းသူများသည် အဓိကနေရာမှ ပါဝင်ဆောင်ရွက်ကြရမည့် ဆရာ ဆရာမလောင်းများ ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများဖြစ်လာပါက စာသင်ကြားရာတွင် အပြုအမူ၊ အပြောအဆို၊ စိတ်ဓာတ်စည်းကမ်းမှစ၍ စံပြဆရာ ဆရာမများ ဖြစ်ရန် လိုအပ်ပါကြောင်း၊ မိမိတို့၏ ကျောင်းသား ကျောင်းသူများအား ပညာရေးထူးချွန်ရုံသာမက လိမ္မာ ယဉ်ကျေးပြီး နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်အပြည့်ရှိရန်နှင့် ယဉ်ကျေးမှုဓလေ့များကို တန်ဖိုးထားတတ်စေရန် လေ့ကျင့်သင်ကြားပေးရမည် ဖြစ်ပါကြောင်း၊ နောက်ဆုံးနှစ် ကျောင်းသား ကျောင်းသူများအနေဖြင့် မကြာခင် သင်ကြားရေးတာဝန်များ ထမ်းဆောင်ကြမည့် နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်ပါကြောင်း ပြောကြားကာ သင်တန်းသား သင်တန်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်